
ဇူလိုင် ၅ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၄၀ သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန် ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါ တယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး အရာတော်နဲ့ ရွှေဘိုမြို့နယ်တွေမှာလည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစခန်းတွေကို PDF တို့က တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်ထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်း မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကနီမြို့နယ်ထဲမှာလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစခန်းကို KLG အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီရဲကို PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင် စီ လက်အောက်ခံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ၂ ယောက်ကို PDF တို့က ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီစခန်းကို KNLA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။











