
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး မြို့ကြီးတွေ အပါအဝင် စက်သုံးဆီဈေးနှုန်းတွေ အခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းလာတယ်လို့ စက်သုံးဆီ အရောင်းဆိုင်တွေကနေ သိရတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လကုန်အတွင်း ကျပ် ၂၀၀၀ ကျော်ရှိရာကနေ အခု ဇူလိုင်ပထမပတ်အတွင်းမှာတော့ ၁၉၆၀ ကျပ်ဝန်းကျင်ကို ကျဆင်းလာတာ ဖြစ်ပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ဒီဈေးဝန်းကျင်မှာသာ တက်လိုက် ကျလိုက်နဲ့ လည်ပတ်နေတာ ဖြစ်တယ်လို့လည်း နေပြည်တော် ဒေသခံတစ်ဦးက ပြောပါတယ်။
နေပြည်တော် ပုဗ္ဗသီရိမှ အငှားယာဉ်မောင်းတစ်ဦးက“ဒီဝန်းကျင်ပဲ။ ထောင့်ကိုးရာကျော်နဲ့ နှစ်ထောင်ကျော်။ အဲဒီနားပဲ လည်နေတာ။ အခု ဈေးကျတယ်နော်။ သိပ်မကြာဘူး နှစ်ထောင်ကျော်ကို ပြန်တက်မှာပဲ။ အဲဒီလိုနဲ့ပဲ လည်နေတာ ကြာပြီ။ တခါမှ သိသိသာ ပြန်မကျတော့ဘူး” လို့ ပြောပါတယ်။
စက်သုံးဆီဈေးတွေဟာ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွေအရ နေပြည်တော်မှာ 92 ကို ၁၉၆၅ ကျပ်၊ 95 ၂၀၉၅ ကျပ် ရှိနေတယ်လို့လည်း သိရပါတယ်။











