ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ၊ ဗဟန်းနဲ့ လှိုင်သာယာမြို့နယ်က တရားရုံး၊ လ.ဝ.က ရုံးနဲ့ ရဲစခန်းတွေမှာ ဇူလိုင် ၄ ရက် ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီကျော်က တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီးပေါ်က မြို့နယ်တရားရုံးမှာ ဗုံးနှစ်ကြိမ် ပေါက်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကိုးနာရီမထိုးခင် တခါပေါက်တယ်။ ကိုးနာရီကျော်မှာ တခါပေါက်တယ်။ လူထိတယ်လို့တော့မ ကြားဘူး” လို့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်းအနီးမှာ မနေ့ည ၉ နာရီဝန်းကျင်ကစပြီး ဗုံးသုံးလုံးပေါက်ခဲ့တယ်လို့ အမှတ် ၃ ရပ်ကွက် နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးတစ်လုံးနဲ့တစ်လုံး ၁၅ မိနစ်လောက်စီပဲ ခြားတယ် ပေါက်တာ။ ဗုံးပေါက်ပြီးတော့ တိုးဂိတ် အဝင်အထွက်မှာ စစ်သားတွေရော ရဲတွေရော စစ်တာ”လို့ ပြောပါတယ်။
ဗဟန်းမြို့နယ် ဗိုလ်ချို ၁ ရပ်ကွက် ဝင်္ဂဘာလမ်းရှိ မြို့နယ် လ.ဝ.က ရုံးဝင်ထွက်ပေါက်အနီးမှာ မနေ့ည ၉ နာရီ ၂၀ မိနစ်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အလားတူ ဗိုလ်တထောင်မြို့နယ် ၄ ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်မှာရှိတဲ့ အမျိုးသားစီမံခန့်ခွဲရေးကောလိပ်အနီးမှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် အဆိုပါမြို့နယ်တွေမှာ ပေါက်ကွဲမှုဖြစ်ရာ အနီးတဝိုက်နဲ့ လမ်းတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲမှုတွေမှာ လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။