Home
အနုပညာ
တဝိုင်းလျှင် ၂၅ သိန်းဖြင့် ကျင်းပမည့် အဆိုတော် မျိုးကြီးနှင့် ဝိုင်ဝိုင်း ဂီတဖျော်ဖြေပွဲ ဖျက်သိမ်း
DVB
·
July 4, 2023

တဝိုင်းကို ငွေကျပ် ၂၅ သိန်းနဲ့ ကျင်းပမယ်လို့ ကြေညာထားတဲ့ အိုင်စီအဖွဲ့ရဲ့ အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ ပါဝင်ဖျော်ဖြေကြမယ့် ဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ပြီလို့ ပွဲကျင်းပမယ့် Novotel Yangon Max ဟိုတယ်က ကြေညာပါတယ်။

“A Night With Myo Gyi & Wine Wine” ပွဲအား ပြုလုပ်တော့မည် မဟုတ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူအားလုံးအား အနူးအညွှတ်တောင်းပန်အပ်ပါသည်။”

ဒီပွဲကိုတော့ လာမယ့် ဇူလိုင် ၂၁ ရက်ည ၇ နာရီကနေ ၁၀ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပြီးတော့ ကျပ် ၂၅ သိန်းတန် တဝိုင်းမှာ လူ ၈ ယောက်ထိ ပါဝင်နိုင်မှာဖြစ်ကာ အခန်း ၂ ခန်း၊ ယမကာနဲ့ အစားအသောက်ဝန်ဆောင်မှုတွေ ပါဝင်မယ်လို့ ကြေညာထားခဲ့ပြီး လတ်တလော ပွဲဖျက်သိမ်းရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

အဲဒီနောက် အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့တာကြောင့် ပွဲကို ပြန်လည်ဖျက်သိမ်းလိုက်တာဖြစ်နိုင်တယ်လို့ အိုင်စီ ရော့ခ်တေးဂီတအဖွဲ့ရဲ့ အမာခံပရိသတ်တယောက်ဖြစ်တဲ့ ကိုဇော်ထွန်းက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ပရိသတ်က ဒီပွဲကို ပုံမှန်အချိန်မှာ လုပ်ရင် ဘာမှပြောမှာ မဟုတ်ဘူး။ အိုင်စီက အိုင်စီပဲလေ။ တဖွဲ့လုံးအစုံမပါပေမယ့် မျိုးကြီးတို့ ဝိုင်ဝိုင်းတို့ဆိုတာ ပရိသတ်တွေအတွက် အထွေအထူး ပြောစရာကို မလိုတာဗျာ။ ဟိုတယ်ဘက်က ပေးတဲ့ ဝန်ဆောင်မှုနဲ့ လက်မှတ်ဈေးက ကျနော့်တကိုယ်တည်းအမြင်အရတော့ တန်တယ်၊ ပွဲငတ် နေတာလည်း ကြာပြီဗျာ။ ပုံမှန်အခြေအနေမှာဆို ကျနော်လည်း သွားမှာ။ ခုလိုအချိန်ကတော့ သိတဲ့အတိုင်းပဲ တိုင်ပတ်နေကြတာ၊ သာမန်လူတန်းစားက မကြည့်နိုင်ဘူးဗျ။ သူတို့လည်း လူတန်းစားတရပ်အတွက်ပဲ လုပ်ကြတာ ဖြစ်မှာပဲလေ။” 

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ၂ နှစ်ခွဲနီးပါး ကာလတွေအတွင်းမှာ နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်အုပ်စုက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေသလို သူတို့ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်တဲ့ အနုပညာရှင်တွေအပါအဝင် နိုင်ငံရေးသမားတွေ၊ CDM ပြည်သူ့ ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာကြောင့် ရှောင်တိမ်းနေကြရတာ ဖြစ်ပါတယ်။

တဘက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လို့ မတရားပုဒ်မတပ်ခံရပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရင်း တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေကြတဲ့ အနုပညာရှင် တွေ ရှိနေသလို ခုလိုပဋိပက္ခနဲ့ အကြပ်အတည်းကြား ပွဲစီစဉ်တဲ့အပေါ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ် နေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဂီတလောကနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တယောက်ကတော့ “ဒါက ပွဲစီစဉ်သူတွေ၊ အဆိုတော်တွေ၊ သူတို့ဟာသူတို့ တော်လှန်ရေးမှာ ဘယ်လိုပါပါ မပါပါ၊ မျက် နှာပြောင်တိုက်တာပဲလို့ မြင်တယ်။ မျက်စိရှေ့တင် ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ သတင်းတွေ မတွေ့ဘူးလား၊ မဖတ်ဘူးလား။ ဘာမှမသိဘူးလို့တော့ မပြောနဲ့နော်။ ဒါက နိုင်ငံရေး၊ နိုင်ငံ့အရေး……။” လို့ ဆိုပါတယ်။

စာရေးဆရာ တယောက်ဖြစ်တဲ့ ညီမင်းညိုကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ “ရေခဲမြစ်နွေဦး” လို့ အစချီ သဘောထားအမြင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်က တဆင့် ခုလိုမျှဝေပေးထားခဲ့တာကို တွေ့ရပါတယ်။

“ဟိုတယ်လ်ကြီးတစ်ခုမှာ အမျိုးသားအဆိုတော်နှစ်ယောက် ဖျော်ဖြေမဲ့ ပွဲအတွက် ၈ ယောက်စာ တေဘယ်လ်တစ်ဝိုင်းကို ၂၅ သိန်းလို့ ကြေညာထားတာ တွေ့ရပါတယ်။ Fb ထုံးစံအတိုင်း ဝေဖန်ရေးနဲ့လေကန်ရေးသမားတွေက ဒီပွဲကို အချိန်မီ ပရိုမိုးရှင်း ဆင်းပေးကြပါလိမ့်မယ်။ ဒီစာကလည်း ရေးစရာကြုံလို့ ရေးရတဲ့ သဘောပါပဲ။ လူတစ်ယောက်ကို ၃ သိန်းကျော် ကျသင့်မဲ့ ဒီပွဲဟာ ဒေါ်လာဈေးနဲ့တွက်ရင်တော့ $100 သာသာပဲ ရှိမှာပါ။ မြန်မာပြည်မှာ ဒေါ်လာ သန်းချီ ချမ်းသာတဲ့ မိသားစုတွေ အများကြီးရှိနေတာလည်း သိပြီး ဖြစ်ကြမှာပါ။ ဆိုလိုချင်တာက လူတန်းစားတစ်ရပ်အတွက် သီးသန့်သဘောဆန်တဲ့ ဒီလို ပွဲမျိုးတွေ နောက်ထပ် ဆက်တိုက် ကျင်းပကြပါလိမ့်ဦးမယ်။ အဆိုတော်တွေဘက်မှာလည်း ဘယ်အဆိုတော်တွေက ဘယ်ဈေးခေါ်လို့ရတယ်ဆိုတဲ့ ဈေးတန်းတစ်ခု ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါ မဆန်းပါဘူး။ ပျော်နိုင်တဲ့သူတွေက ဘယ်လိုအခြေအနေ အချိန်အခါ ပဲဖြစ်ဖြစ် ပျော်ကြမှာပါပဲ။ စီးပွားရှာမဲ့သူတွေကလည်း ဘယ်သူသေသေ ငတေမာနေဖို့က သူတို့ရဲ့ လိုရင်းပါ။ ဒါဟာ တိုင်းပြည်တပြည်ပျက်ချိန်တိုင်းမှာ တွေ့ရလေ့ရှိတတ်တဲ့ မြင် ကွင်းများပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေ မဟုတ်နိုင်ကြတဲ့ အမျိုးသမီးနှစ်ယောက် Live လွှင့် ဆဲဆို ရန်ဖြစ်နေကြတာကို အားပေးကြည့်ရှုနေကြတဲ့ ပရိသတ်တောင် မနည်းလှဘူးမလား။ အဓိကပြဿနာက(အဖြေက) မြုပ်နေတဲ့ ရေခဲမြစ်ပမာဏပါ။ ရေပေါ်မှာ မြင်နေရတဲ့ ပေါ်ပင်ရေခဲတောင်လို ဖြစ်ရပ်တွေက နွေဦးခရီးအတွက် အရေး မပါလှပါဘူး။ စားနိုင်သူက စားပြမှာပါပဲ။ သွားနိုင်သူက သွားပြမှာပါပဲ။ ကြွားနိုင်သူက ကြွားပြနေမှာပါပဲ။ အရေးမကြီးပါဘူး။ ဒီလူတန်းစားဟာ နွေဦးဘေးမဲ့တွေမို့(တကယ်တော့ သူတို့လည်း ဘေးမကင်းပါဘူး) အဖြေရှာချင်တဲ့ ပုစ္ဆာထဲက ဖယ်ထုတ်ထားလို့ ရသူတွေပါ။ တိုင်းပျက်ပြည်ပျက် အခြေအနေမှာ နောက်ဆုံးထွက်သက်အထိ ပျော်သွားနိုင်ကြတယ် ဆိုတာလည်း ထူးတဲ့ကုသိုလ်ပါပဲ။ ရေခဲမြစ်ကြီးကို ဆွဲနှုတ်ပြမဲ့ လူငယ်တွေရဲ့လက်ကို အထင်သေးမိတဲ့လူကြီးတွေ အချိန်မီနိုင်ကြပါစေလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။”

နွေဦးတော်လှန်ရေး ရေချိန်မြင့်လာတာနဲ့အမျှ အကြမ်းဖက်စစ်အုပ်စု ဘက်တော်သား အနုပညာရှင်တွေ၊ မတရားမှုကို နှုတ်ဆိတ်နေကြတဲ့ အနုပညာရှင်တွေအပါအဝင် ထင်ရှား ကျော်ကြားသူတွေကို ပြည်သူတွေအနေနဲ့ လူမှုရေးပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူဖို့ ကမ်ပိန်းလှုပ်ရှားမှုတွေ ပြုလုပ်နေကြသလို အတိုင်းအတာ တခုအထိ အောင်မြင်နိုင်ဖို့ကလည်း ပြည်သူတွေအပေါ်ပဲ မူတည်နေတာပါ။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း စည်သူလွင်၊ နီနီခင်ဇော်၊ အိမ့်ချစ်စတဲ့ နာမည်ကြီး အဆိုတော်တွေ ပါဝင်တဲ့ ဖျော်ဖြေပွဲကို စစ်ကောင်စီရဲ့ ရန်ကိုကြောက်ကာ  နယ်စပ်ဖြတ်ကျော် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ CDM ကျောင်းသူ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ အများဆုံး ထွက်ပြေးခိုလှုံနေကြရတဲ့ မြန်မာ အများစုနေထိုင်ရာ ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပြီး အဆိုပါ စီစဉ်မှုအပေါ် ဝေဖန်သံတွေ ထွက်ပေါ်လာပြီးနောက် ပွဲပျက်သွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024