Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ်က အမျိုးသမီး ၅၆၀ ခန့်ကို သတ်ဖြတ်၊ ၄၇၀၀ ကျော်ကို ဖမ်းဆီး
DVB
·
July 3, 2023
AAPP july 03

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၇၄၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၆၇၀ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၃၁၂ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၆,၆၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ် ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၅၈ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုသတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၅၅၉ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းက ၂၆၂ ယောက်နဲ့ သေဆုံးမှုအများဆုံး ဖြစ်နေတာပါ။ ဒါ့အပြင် အမျိုးသမီး ၄,၇၂၄ ယောက်  ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တိုင်းက အယောက် ၁,၂၂၀ နဲ့ အများဆုံး ဖမ်းဆီးခံရပြီး အဲဒီထဲက ၃,၆၄၉ ယောက်ကတော့ လက်ရှိ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေကို စစ်ကြောင်းထိုးတာ ကြောင့် ပြည်သူတွေဟာ နေထိုင်ရာဒေသတွေကို စွန့်ခွာပြီးတော့ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်းက ဇွန် ၂၆ ရက်ကနေ ၂၉ ရက်အထိ အလယ်ရှိုကျေးရွာ၊ အိုင်ပေါက်ကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်သာယာကျေးရွာ၊ ကွန်းတိုင်း ကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ထနောင်းကိုင်းကျေးရွာ၊ ယောက်သွားအိုင်ကျေးရွာ၊ ကုလားလူးကျေးရွာ၊ အင်းပတ်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံ ကျေးရွာနဲ့ ဆယ်ကြီးကျေးရွာ၊ ဇူလိုင် ၂ ရက်မှာလည်း ညောင်ကန်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ (ခ) အောင်ချမ်းသာကျေးရွာနဲ့ အင်းပတ်ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ တာကြောင့် ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူ ၆,၀၀၀ ကျော်၊ ညောင်ကန်ကျေးရွာက ဒေသခံ ၃,၅၀၀ ကျော်၊ ချမ်းသာကုန်းကျေးရွာ (ခ) အောင်ချမ်းသာကျေးရွာနဲ့ အင်းပတ် ကျေးရွာတွေက ဒေသခံ ၂,၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေနေထိုင်ရာ ဒေသတွေကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုတွေ ပိုမိုလုပ်ဆောင်နေပြီးတော့ ဇွန် ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို အင်အား ၇၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024