

ပစ်ခတ်တိုက်ခိုက်မှုတွေ ၁၂ ရက်တာ ရပ်နားခဲ့ပြီးနောက် ရုရှားဘက်က ကိယက်ဗ်မြို့တော်ကို ဒရုန်းနဲ့ ညတွင်းချင်း ပြန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတဦးက ဇူလိုင် ၂ ရက်မှာ ပြောပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်ကို ချဉ်းကပ်လာတဲ့ ပစ်မှတ်အားလုံးကို လေကြောင်းကာကွယ်ရေး စနစ်အနေနဲ့ ကြိုတင်ပစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိယက်ဗ်မြို့ရဲ့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို ဦးစီးနေတဲ့ ဗိုလ်မှူးကြီး ဆာဟီ ပေါ့ပ်ကို ကတော့ “ဒါဟာ ရန်သူရဲ့ နောက်ထပ်တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ သေဆုံးဒဏ်ရာရမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ သတင်းအချက်အလက် မရသေးပါဘူး” လို့ မှတ်ချက်ပေးပါတယ်။
လေကြောင်းကာကွယ်ရေးစနစ်ရဲ့ ဒီပစ်မှတ်တွေအပေါ် ထိမှန်ခဲ့တဲ့ အသံဆင်တူ ပေါက်ကွဲမှုတွေကို ကြားသိခဲ့ရကြောင်း ရိုက်တာသတင်းဌာနဆိုင်ရာ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ဒါ့အပြင် ရုရှားရဲ့ တိုက်ခိုက်မှု အတိုင်းအတာကိုတော့ ချက်ချင်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဒေသစံတော်ချိန် မနက် ၂ နာရီနောက်ပိုင်းမှာ ကိယက်ဗ်ဒေသ အပါအဝင် ယူကရိန်းနိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သတိပေးချက်တွေကို ၁ နာရီနီးပါးကြာအောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Source-Reuters










