
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇူလိုင် ၂ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အရိပ်ရသစ်ပင်တွေ တပြိုင်နက်တည်း စိုက်ပျိုးခဲ့ကြတယ်လို့ လူငယ်ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်း၊ ကျေးရွာ ၉ ရွာက ရွာချင်းဆက်လမ်းတွေမှာ မနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ "စိမ်းလန်းစီ" အဖွဲ့က ကူညီထောက်ပံ့ပေးတဲ့ အရိပ်ရသစ်ပင် ၁၀၀၀ ကို ပရဟိတလူငယ်တွေစုပေါင်းပြီး တပြိုင်နက်တည်း စိုက်ပျိုးခဲ့ကြတယ်လို့ အလယ်ချောင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်)အသင်း(ADYO)ရဲ့ ဥက္ကဋ္ဌ ကိုဇော်နိုင်မင်းက ပြောပါတယ်။
ကမ္ဘာကြီးမှာ သစ်တောသစ်ပင်တွေ ပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်တွေ တနေ့ထက်တနေ့ ဆိုးရွားလာတာကြောင့် ကျွန်းရွာသာယာလှပပြီး ပိုပြီးတော့ စိမ်းလန်းစိုပြေလာဖို့အတွက် ရည်ရွယ်ပြီးစိုက်ပျိုးကြတာဖြစ်ဆိုပါတယ်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သစ်တောသစ်ပင်တွေ ပြိုလဲပြီး သဘာဝပတ်ဝန်းကျင်တွေထိခိုက်ပျက်စီးခဲ့သလို နောက်ထပ်လည်း မိုခါလိုမျိုး မုန်တိုင်းတွေ ဝင်ရောက်လာနိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စိုက်ပျိုးကြတာလို့ ပြောပါတယ်။
မိုခါမုန်တိုင်းမတိုက်ခင်က နေအိမ်ခြံဝင်းတွေမှာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို အန္တရာယ်မရှိအောင် ကြိုတင် ခုတ်လှဲတာတွေက သဘာဝပတ်ဝန်းကျင်ကို ပိုမိုဆိုးရွားစေကာ မှားယွင်းတဲ့ အယူအဆဖြစ်လို့ သစ်ပင်တွေကို ပြန်လည်အစားထိုးစိုက်ပျိုးသင့်တယ်လို့ ဒေသခံ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ကျွဲချကျေးရွာ မျိုးဆက်သစ်တို့အားမာန်အသင်းက အသင်းသူ မဌေးဌေးယဥ်က “အခုတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် သမီးတို့ ရခိုင်ပြည်မှာ အပင်တွေ အများအပြား ပျက်စီးသွားပြီး ပြန်လည် စိမ်းလန်းစိုပြေလာအောင် သစ်ပင်တွေစိုက်ပျိုးနေကြတာ။ မိုခါမုန်တိုင်းတိုက်ပြီးတဲ့နောက် ကျမတို့ရွာမှာ အပူရှိန်ဟာ ပိုပြီးတော့ မြင့်တက်လာနေတာကြောင့် သစ်ပင်စိုက်ဖို့ ပိုပြီးလိုအပ်လာတယ်လို့ ထင်တာကြောင့် အရိပ်ရသစ်ပင်တွေ စိုက်ပျိုးနေကြတာ”လို့ ပြောပါတယ်။
သစ်ပင်ဆိုတာကတော့ အရိပ်အာဝသ ရဖို့အတွက်ရယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်သိမ်းဖို့အတွက် စိုက်ပျိုးတာဖြစ်သလို သစ်ပင်တွေရှိတဲ့အခါ ရာသီဥတုတွေမှန်လာပြီး ကျန်းမာရေးအတွက် အထောက်ကူတွေပြုတာကြောင့် အရိပ်ရသစ်ပင်တွေစိုက်ပျိုးရတာလို့ မျိုးဆက်သစ်တို့အားမာန်အသင်းက ဦးဆောင်သူ ကိုဦးဘဌေးက ပြောပါတယ်။
“ကျနော်တို့ အသင်းအဖွဲ့မှာ ပိုက်ဆံတွေမလုံလောက်လို့ ကျေးရွာက လူကြီးတွေ ဝါခင်းတွေရှိ တဲ့နေအိမ်တွေက ဝါးတွေ အကူညီတောင်းပြီး အခက်ခဲကြားကနေ အဆင်ပြေအောင်လုပ်ဆောင်ခဲ့ကြတာ။”
အခုစိုက်ပျိုးတဲ့ သစ်ပင်အမျိုးအစားတွေဟာ မန်ဂျာချား သစ်ပင်အမျိုးအစားဖြစ်ကာ သစ်ပင်တွေရှင်သန်ဖို့အတွက်က ကျွဲ နွားတွေ မစားအောင် ခြံစည်းရိုးတွေကာရံရပြီး ခြံတခုကို ၅၀၀၀ ကျပ်လောက်ကုန်ကျတယ်လို့သိရပါတယ်။
သစ်တောသစ်ပင်တွေ ပြုန်းတီးနေလို့ ရာသီဥတုဖောက်ပြန်ကာ မုန်တိုင်းဝင်ရောက်လာတာဖြစ်ပြီး မိုခါမုန်တိုင်းတိုက်ခတ်ခဲ့လို့လည်း သစ်တောသစ်ပင်တွေ အားလုံးပြုန်းတီးသွားတာကြောင့် နောက်ထပ် မုန်တိုင်းတွေ ထပ်မံဝင်မလာနိုင်အောင်လို့ ပြုန်းတီးသွားတဲ့ သစ်ပင်တွေကို အစားထိုးစိုက်ပျိုးနေတာဖြစ်တယ်လို့ မြစ်နားပြင် လူငယ်ပရဟိတအသင်း-MYPA ရဲ့အသင်းသူတယောက်ဖြစ်တဲ့ မဖြူသန်းအေးက ပြောပါတယ်။
စိုက်ပျိုးပြီးသား သစ်ပင်တွေကိုလည်း ပျက်စီးပြုန်းတီးတာတွေ မဖြစ်ပွားရအောင် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ကို ဦးတဉ်ပြီး မိုခါမုန်တိုင်း ပြင်းပြင်းထန်ထန်းဝင်ရောက်တိုက်ခတ်ခဲ့လို့ သစ်တောသစ်ပင် ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအဖွဲ့ တခုဖြစ်တဲ့ စိမ်းလန်းစီအဖွဲ့က အရိပ်ရသစ်ပင် သိန်းနဲချီစိုက်ပျိုးဖို့လျာထားပြီး မြို့နယ်အသီးသီးမှာရှိတဲ့ ပရဟိတအဖွဲ့တွေကိုလည်း သစ်ပင်တွေ အခမဲ့ ဖြန့်ဝေပေးနေပါတယ်။










