
အိန္ဒိယနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး အူတာပရာဒေ့ရှ်ပြည်နယ်မှာ မိုးနဲ့ မိုးသီးတွေပါတဲ့ အားပြင်း လေမုန်တိုင်းတခု တိုက်ခတ်သွားလို့ လူ ၁၀၀ ကျော် သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေး အရာရှိ တွေက မေ ၁၄ ရက်မှာ ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကလည်း ၂၄ နာရီအတွင်း ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေ ဖြန့်ဝေပေးဖို့ အမိန့်ထုတ်ထားပါတယ်။
အူတာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာ ဟရီရှီကက်ရှ် ဘာစ်ကာယာရှော့ဒ်က "မုန်တိုင်းကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၁၀၄ ယောက်အထိ ရှိသွားပါပြီ။ တချို့က နံရံ ပြိုကျလို့ ပိသေတာဖြစ်ပြီး တချို့ကတော့ မြေပေါ်လဲကျလာတဲ့ သစ်ပင်တွေအောက် ပိပြီး သေဆုံးခဲ့ ကြတာပါ" လို့ ပြောပါတယ်။
မတ်လကနေ ဇွန်လအထိ ပူပြင်းတဲ့ရာသီအတွင်း မုတ်သုံမိုး မဝင်ခင် အူတာပရာဒေ့ရှ်လို မြောက်ပိုင်းပြည်နယ်တွေမှာ မုန်တိုင်းတွေ ဖြစ်လေ့ရှိပေမဲ့ မေလ ၁၃ ရက်က မုန်တိုင်းကြောင့် လူ ၅၉ ယောက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၈၇ လုံး ပျက်စီးခဲ့သလို မွေးမြူရေးတိရစ္ဆာန် ၁၁၄ ကောင် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောတယ်။
ခရိုင်ပေါင်း တဒါဇင်လောက်မှာ အနည်းဆုံး လူ ၁၀၄ ယောက် သေဆုံးခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဘုရားဖူးသွားလေ့ရှိတဲ့ ပရာယာဂရာ့ချ် မြို့အနီးဒေသက အဆိုးရွားဆုံး ထိခိုက်ခဲ့တယ်လို့ ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာရုံးကပြောပါတယ်။
မုန်တိုင်းဒဏ်ကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ကုန်သလို ကြော်ငြာဆိုင်းဘုတ်တွေ လည်း ကားတွေပေါ် ပြိုကျခဲ့ကာ လမ်းဘေးဆိုင်တွေက သစ်သားပရိဘောဂတွေလည်း ပြိုလဲကုန် ပါတယ်။
သစ်ပင်တွေ လဲကျတာနဲ့ နံရံတွေ ပြိုကျတာကြောင့်လည်း လူတချို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြည်နယ်ကယ်ဆယ်ရေးအရာရှိက ပြောပါတယ်။
မုန်တိုင်းကြောင့် ဒဏ်ရာရခဲ့တဲ့ နန်ဟဲမီယန်ကလည်း "ကျနော်တို့ အလုပ်သမားတွေ အမြင့် ၂၀-၂၅ ပေ လောက် ရှိတဲ့ သွပ်မိုးပေါ်မှာ ရောက်နေတာပါ။ မြေပြင်ကနေဆိုရင် အနည်းဆုံး ပေ ၅၀ လောက် မြင့်တာပေါ့။ အပေါ်ရောက်နေတုန်း မုန်တိုင်းတိုက်တော့ ပေ ၈၀ လောက်အထိ လွင့်ထွက်သွားပြီး ပြုတ်ကျခဲ့တာပါ" လို့ ပြန်ပြောပြခဲ့ပါတယ်။
Source:Reuters











