ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ်၊ ၄ ရပ်ကွက်၊ သုမင်္ဂလာလမ်းမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ ကလေး ၁ ဦး ကားနဲ့တိုက်မိပြီး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
သုမင်္ဂလာလမ်း တီးဘုရင်လက်ဖက်ရည်ဆိုင်ရှေ့မှာ ဇူလိုင် ၁ ရက် ည ၈ နာရီ မိနစ် ၄၀ လောက် လိုက်ထရတ်ကား တစီးက အသက် ၁၄ နှစ်အရွယ် ကလေးကို ဝင်တိုက်ပြီး မောင်းပြေးသွားတာလို့ ဆိုပါတယ်။
မျက်မြင်တဦးက “ကလေးက လမ်းဖြတ်ကူးတာ၊ ကားက အရှိန်များပြီး ကလေးကို ဝင်တိုက်တာ။ ကလေးကကားတိုက်ခံရပြီး တခြားတစီးပေါ်ကနေလိမ့်ပြီး သူ့ကိုတိုက်တဲ့ ကားအောက်ကို လိမ့်ပြီးပြန်ကျသွားတာ၊ အဲ့ဒီအချိန်ကားသမားက မောင်းပြေးသွားတယ်” လို့ ပြောပါတယ်။
အဆိုပါကားသမားဟာ ကလေးကိုတိုက်မိပြီးနောက် မောင်းပြေးသွားပြီး တခြားကား တစီးကို ထပ်တိုက်မိရာက တောင်ဥက္ကလာ ၅၇ ရပ်ကွက် ဗြမ္မရ်ဆိုလမ်းမှာ ဖမ်းမိခဲ့တာပါ။
သေဆုံးသွားတဲ့ကလေးဟာ ကန်ဘဲ့ဘူတာမှာ နေထိုင်သူဖြစ်ပြီး ကားတိုက်မှုဖြစ်ဖြစ်ချင်း ကလေးကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။