
မကွေးတိုင်း ထီးလင်းနဲ့ ကျောက်ထုမြို့နယ်အစပ်ကို ဇူလိုင် ၂၀ ရက် ညနေပိုင်းမှာ စစ်အာဏာရှင် တပ်က လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ် နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ ညနေ ၃ နာရီခွဲနဲ့ ၄ နာရီ ဝန်းကျင်တွေမှာ ယောဒေသ ထီးလင်းမြို့နယ်နဲ့ ကျောက်ထုမြို့ကြားကို စစ်တပ်က အသေခံ FPV ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေ အလွန်အကျွံသုံးပြီး လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ခံ ကိုမင်းဒဿက ပြောပါတယ်။
“ကျောက်ထု အမတ ၃၆၈ ထဲက တက်လာတဲ့ FPV ဒရုန်း ၄ စီး အရင်ချတယ်။ ပြီးတော့ ဖိုက်တာ ၂ စင်းက ပေါင် ၃၀၀ ဗုံး ၄ လုံး ထပ်ကြဲသွားပြန်တယ်။ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့လည်း ပစ်တာတွေရှိနေတယ်။”
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဝန်းကျင်တွေမှာ စစ်တပ်စစ်ကြောင်း ရှိနေတယ်လို့ လည်း ဆိုပါတယ်။
ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျောက်ထု အမတ ၃၆၈ တပ်ရင်းထဲ ကနေ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဝန်းကျင်က ကြီးရွာနဲ့ ရွှေအောင်သာရွာတွေကြားမှာ ရှိနေတယ်။ အဲဒီစစ်ကြောင်းနဲ့ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာလည်း ရှိနေတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူ တွေ အလွန်အကျွံ လုပ်နေတာ ဖြစ်နိုင်တယ်။ တိုက်ပွဲဖြစ်နေတာရယ် စစ်ကြောင်းရှိနေသေးတာရယ် ဆိုတော့ မြေပြင်အခြေအနေက အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဆိုပါ ရွှေအောင်သာကျေးရွာကို စစ်တပ်ဘက်က ပြန်လည်စိုးမိုးနိုင်ဖို့ အခုလို စစ်ကြောင်းထိုးလာတာလို့လည်း သူက ဆက်ပြောပါတယ်။
ဇူလိုင် ၁၇ ရက်မှာ ကျောက်ထု အမတ ၃၆၈ တပ်ရင်းထဲကနေ ထွက်လာကြတဲ့ အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ဇွန် ၂၀ ရက် ညနေပိုင်းမှာတော့ ကြီးကျေးရွာကနေ ရွှေအောင်သာ ကျေးရွာဘက်ကို ဆက်ထွက်လာတဲ့အချိန်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်လက်အောက်ခံတွေ အထိနာကာ ကြီးကျေးရွာဘက်ကို ပြန်ဆုတ်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းကို စစ်တပ်စစ်ကြောင်းတွေ အချိန်မရွေး ဝင်ရောက်လာနိုင်တဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့လည်း စစ်တပ်စစ်ကြောင်းတွေ ချဉ်းကပ်ဝင်ရောက်လာတဲ့သတင်း ရရှိပါက လက်နက်ကြီးအန္တရာယ်နဲ့ ရုတ်တရက် လမ်းပိတ်တဲ့ ဘေးအန္တရာယ်တွေကနေ ကင်းဝေးဖို့ စစ်ကြောင်းတွေနဲ့ အနည်းဆုံး ၃ မိုင်အကွာအဝေးအထိ ကြိုတင်တိမ်းရှောင်ပေးကြဖို့လည်း အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၁၄ တပ်ရင်းက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။











