ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၆ ဦး ဇွန် ၃၀ ရက်ညက ပြန်လွတ်လာပြီလို့ သိရပါတယ်။
ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး ဇွန်လ ၂၀ ရက်ညမှာ ဖမ်းဆီးသွားတဲ့ ဖောင်းတောကျေးရွာအုပ်စုက အမျိုးသမီး ၄ ဦးနဲ့ ဇွန် ၁၉ ရက်က အဖမ်းခံခဲ့ရတဲ့ မူကြိုကျောင်းပိုင်ရှင် လင်မယားတို့ ပြန်လွတ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
"ဆယ်ရက်လောက် ရေတပ်ထဲမှာ ချုပ်ထားတယ်။ သိပ်တော့ မစစ်ဘူးလို့ပြောတယ်။ ရေတပ်ထဲမှာလည်း ထွက်ပြေးတဲ့ကိစ္စနဲ့ အလုပ်ရှုပ်နေတယ်။ ဇွန် ၃၀ ညက တော့ ရေတပ်က ကားတွေနဲ့ပဲ အိမ်တွေကို ပြန်လာပို့ပေးခဲ့တယ်" လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။
သူတို့ ၆ ဦးလုံးကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားတွေက နေအိမ်အသီးသီးမှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အုန်းပင်ကွင်းရွာရှိ မောရဝတီရေတပ်စခန်းဌာနချုပ်(ဟိန္ဇဲ) မှာ ဆယ်ရက်အကြာ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ညက ကံပေါက်ကျေးရွာ သီရိမင်္ဂလာရပ်ကွက်မှာ ပေါက်ကွဲသံ ၂ ချက်ကြားရပြီးနောက် ကင်းအလှည့်ကျတဲ့ မောရဝတီရေတပ်က စစ်ကောင်စီတပ်သား ၁၂ ဦး ကင်းလှည့်နေတဲ့ စစ်ကားကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်လို့ မောရဝတီရေတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ သီရီမင်္ဂလာရပ်ကွက်နဲ့စစ်တပ်ကားကျန်ရစ်ခဲ့တဲ့ ကံပေါက်ရွာပတ်လမ်းကို ဇွန် ၂၈ နဲ့ ၂၉ ရက်တွေမှာ စစ်ကောင်စီက ဒေသခံရွာသားတွေ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကံပေါက်ဒေသ သစ်တောရုံးလမ်းဆုံမှာ ကံပေါက်မှအထွက် ကားအားလုံးကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ရွာခံ ယာဉ်မောင်းတွေက ပြောပါတယ်။
ဇွန် ၂၉ ညနေပိုင်းမှာလည်း ကံပေါက်ရွာပတ်လမ်းက အိမ်ခြေ ၃၀ ကျော်သာရှိတဲ့ ခြံစုရွာဖြစ်တဲ့ ဘုရားမဲရွာကို စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ရှာဖွေခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ လွတ်မြောက်နေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက် ရောက်မရောက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကံပေါက်အခြေစိုက် မောရဝတီရေတပ်နဲ့ ၂၇၃ ခြေလျင်တပ်တွေက စစ်ကောင်စီတပ်သားတွေ ၄ ကြိမ်ထက်မနည်း ထွက်ပြေးခဲ့ကြောင်း၊ ပြန်လည်ဖမ်းဆီးခံရပြီး အရေးယူခံရတာမျိုး ရှိသလို တော်လှန်အင်အားစုတွေဘက် ရောက်ရှိသွားတာမျိုးနဲ့ လုံးဝအဆက်အသွယ်ပြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်အခြေစိုက် စစ်ကောင်စီတပ် ၂ ခုစလုံးက စစ်ကောင်စီတပ်သားတွေရဲ့ မိသားစုဝင်တွေဟာ အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့အစီအစဉ်နဲ့ အပြင်ထွက်ခွင့်ကလွဲပြီး ဈေးဝယ်ထွက်ခွင့်နဲ့ အပြင်ထွက်ခွင့် ကန့်သတ်ခံထားရတယ်လို့ သိရပါတယ်။