
သင်္ကြန်ကာလအပြီးမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းတွေ သိသိသာသာ ထပ်မံ မြင့်တက်လာနေပါတယ်။
ဒါဟာ သင်္ကြန်မတိုင်မီကတည်းက တောက်လျှောက်တက်နေတဲ့ ဈေးနှုန်းတွေအပေါ် ထပ်ဆင့် ရိုက်ခတ်မှု ဖြစ်လာတာပါ။
ဒီလို ဈေးနှုန်းမြင့်တက်ရတာဟာ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စက်သုံးဆီ အကျပ်အတည်းက ပြည်တွင်းက စိုက်ပျိုးရေးကဏ္ဍကို တိုက်ရိုက် ရိုက်ခတ်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်းတွေက အမျိုးအစားပေါ်လိုက်ပြီး သင်္ကြန်မတိုင်မီဈေးထက် တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၂,၀၀၀ ဝန်းကျင်အထိ ထပ်မံမြင့်တက်လာတာ တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်အတွင်းမှာဆိုရင် ရွှေဘိုပေါ်ဆန်း တအိတ်ကို အမြင့်ဆုံး ကျပ် ၂၇၅,၀၀၀ ဝန်းကျင်အထိ ရှိနေပြီး ဧရာဝတီပေါ်ဆန်းနဲ့ တခြားဆန်ကြမ်းဈေးနှုန်းတွေကလည်း လိုက်ပါ မြင့်တက်နေပါတယ်။
ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတယောက်ကတော့ စက်သုံးဆီကြောင့် အဘက်ဘက်က ကုန်ကျ စရိတ်တွေ တက်နေသလို ဆန်ဝယ်လိုအားကလည်း မြင့်နေတာကြောင့် ခုလို ဈေးတွေ ထိုးတက် နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး မမှန်တာကြောင့် ဆန်စက်တွေမှာ စက်သုံးဆီ ပိုမိုအသုံးပြုနေရတာနဲ့ သယ်ယူ ပို့ဆောင်ရေးစရိတ် ကြီးမြင့်လာတာတွေကလည်း ဆန်ဈေးနှုန်းအပေါ် တိုက်ရိုက် သက်ရောက် နေပါတယ်။
လက်ရှိ နွေစပါးရိတ်သိမ်းချိန်မှာလည်း တောင်သူတွေဟာ စက်သုံးဆီကို ဈေးကြီးပေး ဝယ်ယူ နေရတာကြောင့် စိုက်ပျိုးစရိတ်နဲ့ ရရှိတဲ့ အကျိုးအမြတ်ဟာ တွက်ခြေမကိုက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း မြေဩဇာဈေးနှုန်း ကြီးမြင့်မှုကြောင့် တောင်သူတွေ ဟာ သုံးစွဲမှုကို လျှော့ချနေရတာကြောင့် ရှေ့လာမဲ့ စပါးအထွက်နှုန်းဟာ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး အကျိုးဆက်အနေနဲ့ ဆန်စျေးတွေ ပိုတက်လာနိုင်တယ်လို့ သတိ ပေးထားပါတယ်။
စိုက်ပျိုးစရိတ် ကြီးမြင့်မှုကြောင့် တောင်သူတွေ တွက်ခြေမကိုက်ဖြစ်နေသလို အခြား တဖက် မှာလည်း ဝင်ငွေနည်းတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာ စိန်ခေါ်မှုတွေ ပိုကြီးမားလာနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်ဈေးကွက်အတွင်းမှာတော့ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၂၁၅,၀၀၀ ကနေ ၂၇၅,၀၀၀ အကြား ရှိပြီး မြောင်းမြပေါ်ဆန်းက ၁၈၀,၀၀၀ ကျပ်ဝန်းကျင်၊ ကြားပျံဆန်က တအိတ်ကို ကျပ် ၁၇၅,၀၀၀ ကနေ ၁၉၈,၀၀ဝ အကြား ရှိပါတယ်။
ဘိုကလေးလိုင်းပေါ်ဆန်းက ကျပ် ၁၆၆,၀၀၀ ဝန်းကျင်၊ ရက် ၉၀ ဆန်က ကျပ် ၁၁၀,၀၀၀ ကနေ ၁၄၀,၀၀၀ ဝန်းကျင်၊ ဆင်းသွယ်ဆန်က ကျပ် ၁၃၀,၀၀၀ ကနေ ၁၄၆,၀၀၀ အထိ အသီးသီးရှိနေပြီး သီတင်းနှစ်ပတ်အတွင်း အမျိုးအစားအလိုက် တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။











