DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်က လေကြောင်းမှ လူအင်အားနှင့် ရိက္ခာဆက်တိုက်ပို့နေ
DVB
·
July 1, 2023
ချင်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်က လေကြောင်းမှ လူအင်အားနှင့် ရိက္ခာဆက်တိုက်ပို့နေ
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနဲ့ တောင်ပိုင်း မင်းတပ်-မတူပီ ဗျူဟာတို့မှာ စစ်ကောင်စီတက်က လေကြောင်းအသုံးပြုပြီး လူအင်အားနဲ့ ရိက္ခာထောက်ပို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာရှိနေတဲ့ အထိုင်တပ်တွေက လှုပ်ရှားတာတွေ မရှိပေမဲ့ အထိုင်ချထားတဲ့ နေရာတွေကို ခိုင်မြဲအောင်ပြုလုပ်ပြီး မိုးတွင်းကာလမှာ နယ်မြေထိန်းချုပ်နိုင်မယ့်ဗျူဟာကို စစ်ကောင်စီက ကျင့်သုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက “ဟားခါးနဲ့ ထန်တလန် အဲ့ဒီခွင်ထဲမှာ တိုက်ပွဲကတော့ ကြိုးကြား ကြိုးကြား ဖြစ်တယ်။ စစ်ကောင်စီက ထောက်ပို့လေယာဉ်တွေ ဟားခါးမြို့ကို နေ့စဉ်နဲ့အမျှ အင်အားနဲ့ ရိက္ခာ ဖြည့်တင်းလာတာတွေ ရှိနေတယ်။ ၂၇ ရက်နေ့က ထန်တလန်မြို့ပေါ်ကို လေယာဉ်နဲ့ ၂ ခါ ဗုံးကြဲသွားတာမျိုး ရှိတာပေါ့။ ချင်းပြည်နယ်တောင်ပိုင်း ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ကျောက်ထုနဲ့ ထီးလင်း အကြားမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ရှိနေတယ်။ အခု အခံတပ်တွေက လှုပ်ရှားမှုတော့ မရှိပေမဲ့ ချင်းပြည်နယ်တောင်ပိုင်းဘက်ကို ပခုက္ကူကနေ ယာဉ်တန်းတွေ ဝင်လာတာတော့ ရှိတယ်။ အဲ့ဒါက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ဘက်ကို မရောက်ဘဲနဲ့ ထီးလင်း-ဂန့်ဂေါဘက်ကို တက်လာနေတယ်။ ဘယ်လမ်းကြောင်းကနေ ဝင်လာမလဲ ဆိုတာတော့ ကျနော်တို့က မသိသေးဘူးပေါ့နော်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ ပိတ်မိကျန်ရစ်နေတဲ့ စစ်ဘေးသင့်ပြည်သူ ၅၀,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ စစ်ဘေးသင့်ပြည်သူ ၇၆၀,၀၀၀ ကျော်၊ မကွေးတိုင်းမှာ စစ်ဘေးသင့်ပြည်သူ ၂၀၀,၀၀၀ နီးပါး၊ စုစုပေါင်း စစ်ဘေးသင့်ပြည်သူ ၁ သန်းဝန်းကျင်ဟာ စားဝတ်နေရေး ကျပ်တည်းလာတဲ့ နောက်ဆုံးအခြေအနေမှာ အိန္ဒိယနိုင်ငံဘက်ကို ရွှေ့ပြောင်းသွားလာဖို့ အလားအလာရှိနေတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

စစ်ဘေးသင့်ပြည်သူတွေဟာ မိုးတွင်းကာလမှာ ချင်းတောင်ကိုဖြတ်ပြီး အိန္ဒိဘက်ကို ရွှေ့ပြောင်းဖို့ မလွယ်ပေမဲ့ ဖြစ်နိုင်မယ့်နည်းလမ်းတွေကို ကြိုးစားရှာဖွေနေတယ်လို့ ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“မြေပြင်တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာရင်တော့ အခုလည်း စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေပါတယ်။ စစ်ဘေးရှောင်ကတော့ ပိုပြီးတော့ များလာမယ့် အနေအထား ရှိတယ်။ မိုးတွင်းကာလဆိုတော့ ချင်းတောင်ကိုဖြတ်ဖို့ဆိုတာ သူတို့အနေနဲ့ လွယ်တော့မလွယ်ဘူး။ ဘယ်လမ်းကြောင်း ဘယ်ကနေ ဘယ်လိုပုံစံနဲ့ လာမလဲဆိုတာ သူတို့လုံခြုံရေးအရ ကျနော်တို့က ပြောပြလို့မရဘူး။ ပိုပြီးတော့ တိုးလာမယ့် အနေအထားမှာ ရှိတယ်လို့ ကျနော် အဲ့သည်လိုပဲ ပြောချင်ပါတယ်။”

၂၀၂၃ မေလကုန်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးတာကြောင့် စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၃,၀၀၀ ကျော်၊ မကွေးတိုင်းမှာ အိမ်ခြေ ၁၀,၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ အိမ်ခြေ ၁,၆၀၀ ကျော် ဆုံးရှုံးပျက်စီးခဲ့တယ်လို့ Data For Myanmar အဖွဲ့က ဇွန်လ ဒုတိယအပတ်မှာ ထုတ်ပြန်ပါတယ်။

အိမ်တွေဆုံးရှုံးပြီး ဦးတည်ရာမဲ့ ထွက်ပြေးနေရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် နိုင်ငံတကာရဲ့ စာနာထောက်ထားမှု အကူအညီတွေကို လက်ခံရယူဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013