DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသတွင် အမျိုးသမီး ၁ ဦး စစ်တပ်ပစ်ခတ်သည့် အီနာဂါဗုံး ထိမှန်သေဆုံး
DVB
·
June 30, 2023
ရေလယ်ကျွန်းဒေသတွင် အမျိုးသမီး ၁ ဦး စစ်တပ်ပစ်ခတ်သည့် အီနာဂါဗုံး ထိမှန်သေဆုံး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတရော်ရွာကို မင်းရွာမှာ အထိုင်ချထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေက ဇွန် ၂၉ ရက် ညနေ ၅ နာရီခွဲလောက်က ဒရုန်းနဲ့ အီနာဂါဗုံး ချခဲ့တာကြောင့် နေအိမ်အတွင်းကျပြီး အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။

မင်းရွာ ပျူစခန်းကနေ ငတရော်ရွာကို ဒရုန်းနဲ့ အီနာဂါဗုံး ၆ လုံးချခဲ့ရာ နေအိမ်အတွင်း အီနာဂါတလုံးကျပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသမီး မစန်းဋ္ဌေး သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အကြောင်းမဲ့ ရမ်းကားပစ်ခတ်မှုပါ၊ အီနာဂါချခံရတဲ့ အမျိုးသမီးဆိုလည်း အိမ်ထောင်ကျတာ မကြာသေးဘူးလို့ သိရတယ်။ ပုံမှန်အနေအထားကနေ ဒီလိုကြီး လာချမယ်ဆိုတာ ပြည်သူက ဘယ်သိမလဲ။”

မင်းရွာမှာ တပ်စွဲအထိုင်ချနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေက မနေ့ညပိုင်းက နေရင်းရွာကိုလည်း မီးရှို့ခဲ့ပြီး လက်နက်ကြီးတွေလည်း ရမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မင်းရွာက စစ်သားနဲ့ ပျူစောထီးတွေက နေရင်းရွာက ဖောကား အဖြူရောင် ၂ စီး၊ ထော်လာဂျီ ၃ စီး၊ ပေါက်တော ဘုန်းကြီးကျောင်းက ကျန်းမာရေးကူညီမှုပေးနေတဲ့ အယ်လ်ဖတ်ကား ၁ စီး၊ ထော်လာဂျီ ၁ စီးတို့ကို အဓမ္မ ယူဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း မင်းရွာက စစ်သားနဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၂၇ ရွာ မီးရှို့ခံထားရပြီး နေအိမ် ၆၅၆ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် စစ်ရှောင်တွေရဲ့ ဆိုင်ကယ် ၁၃ စီးကိုလည်း ယူဆောင်ထားတယ်လို့ သိရပါတယ်။

မင်းရွာပျူစခန်းက စစ်သားနဲ့ ပျူစောထီးတွေက ပေါက်တောရွာက CDM ဆရာမနှစ်ဦးကို ဇွန် ၂၆ ရက်က ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“အရင်ကလည်း ဖမ်းဆီးခံရသူတွေကို ငွေ သိန်းရာချီတောင်းပြီး ပြန်ထုတ်ရတာမျိုးရှိတယ်။ အဲ့ကိစ္စ သတင်းဌာနတွေပြောရင် သူတို့မိသားစုတွေလည်း သတ်မယ်၊ အိမ်တွေပါ မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ လဝန်းကျင်လောက်ကလည်း ပေါက်တောရွာက CDM ဆရာမတယောက်ကို ပစ်သတ်ကာ မြစ်ထဲကန်ချခဲ့သေးတာကြောင့် အခုဖမ်းဆီးခံထားရတဲ့ CDM ဆရာမနှစ်ယောက်နဲ့ ပတ်သက်ပြီး အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

မင်းရွာပျူစခန်းက ညဘက်တွေဆိုရင် ၆၀ မမနဲ့ ရမ်းကားပစ်ခတ်တာမျိုး၊ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဖောကားတွေ၊ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေကိုလည်း မင်းရွာအတွင်း ယူလေ့ရှိတယ်လို့ သိရပါတယ်။

“ပျူရွာပတ်ပတ်လည်က နေ့ည မလုံခြုံပါဘူး။ အထိတ်တလန့်နဲ့ ရင်ဆိုင်နေကြရတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းရွာပျူစခန်းမှာ ကူနီရွာ၊ ဘိစပ်ကုန်းရွာ၊ ရေယှားရွာ၊ နေရင်းရွာ၊ ပေါက်တောရွာက ပြည်သူတွေ ဖမ်းဆီးခံထားရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မင်းရွာထဲက စစ်သားနဲ့ ပျူစောထီးတွေကြောင့် အနီးနားကျေးရွာက ​ဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013