Home
မြန်မာသတင်း
လိုင်ဇာတွင် ၁၀ တန်း ကျောင်းသား ၁ ဦး ကြိုးဆွဲချ သေဆုံး
DVB
·
June 30, 2023

ကချင်ပြည်နယ်၊ လိုင်ဇာဘက်က စစ်ရှောင် အထက်တန်းကျောင်း ၁ ကျောင်းမှာ ၁၀ တန်း ကျောင်းသား တယောက်  ဇွန်လ ၂၉ ရက်နေ့ မနက် ၂ နာရီ ဝန်းကျင်ခန့်က လွယ်အိတ်ကြိုးနဲ့ ဆွဲကြိုးချ သေဆုံးဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

"Alen Bum ကျောင်း ခန်းမ အနီးက အိမ်သာနားမှာ ကျောင်းလွယ်အိတ်ကြိုးနဲ့ လည်ပင်းမှာ ချည်ပြီး သူ့ဘာသာ ဆွဲကြိုးချ သေဆုံးနေတာ။" လို့ ဒေသခံက  ပြောပါတယ်။ 

အဆိုပါကျောင်းသားဟာ ကျောင်းတက်တဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ဘာပြဿနာမှ မဖြစ်ဖူးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိကြောင်း၊ သူငယ်ချင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းတွေနဲ့ စိတ် ထိခိုက်စရာမရှိခဲ့ကြောင်းနဲ့  ချစ်သူ ရည်းစားထားတာလည်း မရှိကြောင်း အဲဒီ ကျောင်းသား နဲ့ နီးစပ်သူက ပြောပါတယ်။

"ည ၁၂ လောက်က  ထွက်သွားတာ လို့ပြောတယ်။ ဘယ်လို ဘာကို စိတ်ကုန်တာလဲမသိဘူး။ ဘယ်လို ဖြစ်တာလဲမသိဘူး။ အဖေအမေတွေ မိသားစုဝင်တွေ စုံလားဆိုတော့ အဖေအမေတွေ လည်း အကုန်စုံတယ်။ တခြား ဘာမှ မလိုဘူး လို့တော့ ပြောတယ်။ အရင်ရက်တွေကလည်း ကျောင်းမတက်ချင်တော့ဘူး။ အိမ်ပြန်ချင်တယ် ဆိုပြီးတော့ ပြောတာတော့ရှိတယ်။" လို့ သူက ပြောပါတယ်။ 

သူ့ရဲ့ ပစ္စည်းတွေ အားလုံးကိုလည်း သိမ်းထားပြီးတော့ အရင်နေ့တွေမှာလည်း အမြဲတမ်း ဘယ်ချိန်ဖြစ်ဖြစ်သေရမှာပဲ ဆိုပြီးပြောပြောနေတယ်လို့ ဆိုပါတယ်။ 

"ငှက်ဖျားဖြစ်လို့ ငှက်ဖျားဆေးလည်း သောက်တယ်။ တနေ့ညကစ ငှက်ဖျားဆေးလည်းသောက်တော့ ဘယ်လို ဦးနှောက်ဘက် ရှော့ခ် ဖြစ်လာသလဲ။ ဘယ်လို သတိလက်လွှတ်ဖြစ်ပြီးတော့ ဖြစ်သွားလဲ ဆိုပြီး ကျောင်းက ဆရာမတွေက ပြောနေကြတယ်။" လို့ သူက ရှင်းပြပါတယ်။ 

သေဆုံးသွားတဲ့ ကျောင်းသားက အသက် ၁၇ အရွယ်ရှိ မောင်ဖော်ရွှေဒေးအောင် ဖြစ်ပြီး ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအုပ်စု၊ မိုင်းခေါင်ရွာက ဦးဖော်ရွှေခါးလာ နဲ့ ဒေါ်လဘန်ဘောက်မိုင် တို့ရဲ့သား ဖြစ်ပါတယ်။

မနေ့ ဇွန်လ ၂၉ ရက်နေ့မှာတော့ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးကို ကျောင်းမလာကြဖို့ပြောပြီး ကျောင်းပိတ်ထားပါတယ်။ 

အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင် ရာတာဝန်ရှိသူတွေက စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024