DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဟိုစိမ့်(မြန်မာ)လုပ်သားများကို ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
DVB
·
June 29, 2023
ဖမ်းဆီးခံ ဟိုစိမ့်(မြန်မာ)လုပ်သားများကို ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
Donate to DVB

အလုပ်သမားအခွင့်အရေးတောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့အလုပ်သမားတွေနဲ့ ကူညီသူတွေကို ဆူပူမှုဖြစ်အောင်လှုံ့ဆော်တယ်လို့ စွပ်စွဲကာ ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမား ၅ ဦး၊ လှိုင်သာယာမြို့နယ်ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ဦးနဲ့ Action Labor Rights အလုပ်သမားအဖွဲ့က အလုပ်သမားအရေးကူညီသူ ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးထားတာဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေက လုပ်ခလစာတိုးပေးဖို့အတွက် အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့ကြတာဖြစ်ပေမဲ့ စစ်ကောင်စီကတော့ ဆူပူဆန္ဒပြမူတွေ ဖြစ်အောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီအလုပ်သမားတွေကို ပြည်သူလူထုရဲ့သတင်းပေးမှုကြောင့် ဖမ်းဆီးရမိခဲ့တာလို့လည်း စစ်ကောင်စီက ဒီနေ့ထုတ် သတင်းစာတွေကနေ  ဝါဒဖြန့်ထားပါတယ်။

ဟိုစိမ့်(မြန်မာ)စက်ရုံအလုပ်သမားတစ်ဦးက “ဘယ်သူပြည်သူမှ သတင်းပေးတာမဟုတ်ဘူး။ လုပ်ငန်းခွင်အငြင်းပွားမှု ဖြစ်နေတာကို ဖြေရှင်းပေးမယ်ဆိုပြီး ထွေအုပ်ရုံးကို ခေါ်လို့သွားတာ၊ အပြန်မှာဖမ်းတာ။ တကယ့်ကိုအဆင့်မရှိ၊ ကောက်ကျစ်တဲ့လုပ်ရပ်ပဲ”လို့ ပြောပါတယ်။

ဟိုစိမ့်(မြန်မာ)စက်ရုံက အလုပ်သမားတွေဟာ လုပ်ခတိုးတောင်းတဲ့ အလုပ်သမားသမဂ္ဂဝင် ၇ဦးကို စက်ရုံဘက်က အလုပ်ထုတ်လိုက်တဲ့အပေါ်မကျေနပ်လို့ ဇွန် ၁၃ရက်က လုပ်ငန်းခွင်မဝင်ဘဲသ ပိတ်မှောက်ခဲ့ကြတာဖြစ်ပြီး ဘယ်အဖွဲ့ရဲ့စေခိုင်းမူကြောင့်လုပ်တာမဟုတ်ဘူးလို့လည်း အဲဒီစက်ရုံလုပ်သားတွေက ဆိုပါတယ်။

အလားတူ Sun Apparel Myanmar စက်ရုံအလုပ်သမားတွေကလည်း အလုပ်သမားအခွင့်အရေးရပိုင်ခွင့်တွေအတွက် ကိုယ့်သဘောနဲ့ကိုယ် ပါဝင်တောင်းဆိုကြတာလို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

“နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။ ကိုယ့်လုပ်ငန်းခွင်ထဲ အလုပ်သမားအခွင့်အရေး သီးသန့်တောင်းတာကို ဖမ်းတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး”လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားတဲ့အလုပ်သမား ၇ ဦးကို နိုင်ငံရေးပုဒ်မဖြစ်တဲ့ ၅၀၅ နဲ့ အမှုဖွင့်ထားသလို ကူညီသူ ၃ ဦး ကိုလည်း ပုဒ်မ  ၁၇/၁နဲ့ အမှုဖွင့်ထားတယ်လို့ သူတို့နဲ့နီးစပ်သူတွေထံကသိရပြီး စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ဘာမှုနဲ့ စွဲထားတယ်ဆိုတာ ဖော်ပြမထားပါဘူး။

အခုလို အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးတာဟာ စစ်ကောင်စီလက်အောက်မှာ အလုပ်သမားအခွင့်ရေးနဲ့ လူ့အခွင့်အရေး အလုံးစုံပျက်သုဉ်းနေပြီဆိုတာ  ပေါ်လွင်စေခဲ့တယ်လို့ အလုပ်သမားအရေး  လှုပ်ရှားသူတွေက ဆိုပါတယ်။

ပြည်တွင်းရှိအလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက "အလုပ်သမားအရေးတောင်းဆိုတာတောင် ဖမ်းတဲ့ စစ်ကောင်စီဟာ အာဏာရှင်စနစ်ရဲ့ အဆိုးရွားဆုံးလုပ်ရပ်ကိုလုပ်လိုက်တာပဲ။ စစ်တပ်အုပ်စိုးနေတာကို  တော်လှန်နိုင်မှ  ဒီစနစ်ဆိုးကနေ ကျော်နိုင်မယ်ဆိုတဲ့အသိ အလုပ်သမားတွေကို ပေးလိုက်တာ"လို့ ပြောပါတယ်။

ဒါ့အပြင် Action Labor Rights ကိုလည်း တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့မဟုတ်ကြောင်းနဲ့ ဆူပူဆန္ဒပြမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတဲ့အဖွဲ့လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013