DVB Logo
Home
မြန်မာသတင်း
စင်ကာပူရောက် မြန်မာအိမ်အကူ အလုပ်သမားတွေအတွက် အကာအကွယ်ပေးမှု လိုအပ်
DVB
·
July 12, 2014
စင်ကာပူရောက်  မြန်မာအိမ်အကူ အလုပ်သမားတွေအတွက် အကာအကွယ်ပေးမှု လိုအပ်
1 / 2
Donate to DVB

စင်ကာပူနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအိမ်အကူ အလုပ်သမားတွေအတွက် စင်ကာပူနဲ့ မြန်မာအစိုးရအနေနဲ့ ဥပဒေအရ အကာကွယ်ပေးဖို့ ပိုမို လိုအပ်နေတယ်လို့ မြန်မာအိမ်အကူ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့က ပြောကြားလိုက်ပါတယ် ။

[caption id="attachment_60142" align="alignright" width="300"] စင်ကာပူတွင် တွေ့ရှိရသည့် အိမ်အကူလုပ်သား (ဓာတ်ပုံ - ရိုက်တာ)[/caption]

မြန်မာအိမ်အကူ အလုပ်သမားတွေကို စင်ကာပူနိုင်ငံမှာ ရောင်းကုန်သဖွယ် ရောင်းချနေတယ်လို့ အယ်ဂျာဇီးရားရုပ်သံသတင်းဌာနနဲ့ စင်ကာပူထုတ် သည်စထရိတ်တိုင်းမ် သတင်းစာတွေမှာ ဖော်ထုတ်ရေး သားခဲ့ကြတာဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် မြန်မာအိမ်အကူအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကူညီသောလက်များအဖွဲ့ တည်ထောင်သူ အမှုဆောင်အရာရှိ ဒေါ်ကစ်တီအေးမာမာကတော့ စင်ကာပူအစိုးရအနေနဲ့ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ပိုမိုရှင်းလင်းတဲ့ ဥပဒေမျိုးကို ချမှတ်ပြီး အလုပ်သမားတွေကို ကာကွယ်ပေးသင့်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“အစိုးရမှာ ဥပဒေတွေတော့ ရှိတယ်။ ဒါပေမယ့် တချို့ဥပဒေတွေက သိပ်ပြီးတော့ မပြတ်သားဘူး။ ဥပမာ - ဒီကလေးမှာကို အစား ၃ နပ် ကျွေးရမယ်။ လုံလောက်တဲ့အစားအစာ ပြီးတော့ အဟာရပြည့်ဝတဲ့ အစားအစာဖြစ်ရမှာပေါ့။ သေသေချာချာ မရေးတဲ့အတွက် အိမ်ရှင်တွေက လူလည်လုပ်ပြီး ခေါက်ဆွဲခြောက်တွေ ကျွေးတယ်။ ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ ပြုတ်သောက်ရတယ်။ ပြီးတဲ့အခါ ပေါင်မုန့် ၂ ချုပ်ပဲ ကျွေးတာ ရှိတယ်။ ဒါက သူ့ရဲ့ ဥပဒေထဲမှာ လွတ်နေတဲ့အပိုင်းပေါ့နော်။ နောက်ပြီးတော့ အစိုးရကို ဖြစ်စေချင်တာက ဒီကလေးတွေကို ဆက်သွယ်ရန် ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှင်တွေက သူတို့ကို ဆက်သွယ်ခွင့် မပေးဘူး။ ရောက်ခါစဆိုလို့ရှိရင် သူတို့ မိဘတွေ ဆွေမျိုးတွေနဲ့ စကားပြောခွင့်မရတဲ့အခါမှာ သူတို့မှာ တိုင်ပင်စရာမရှိတဲ့အခါ အခြေအနေတွေကို ပိုစိုးသွားတယ်။”

မြန်မာအလုပ်သမားအများစုဟာ ဘာသာစကားနဲ့ အလုပ်အကိုင် မကျွမ်းကျင်မှုကြောင့် လုပ်ခလစာ နည်းနည်းပဲ ရရှိတဲ့အကြောင်းနဲ့ သူတို့အဖွဲ့အနေနဲ့ ဒီနှစ်မှာ ဇန်န၀ါရီလကနေ မေလ အထိ အိမ်အကူအလုပ်သမားတွေရဲ့ အမှုပေါင်း ၂၃ ခုကို ကူညီပေးခဲ့ပြီးပြီလို့လည်း ဒေါ်ကစ်တီ အေးအေးမာက ပြောပါတယ်။
“ဇန်န၀ါရီကနေ မေလ အထိ မှုခင်းက ၂၃ မှုလောက်ရှိတယ်။ အဲဒီအထဲမှာ မုဒိမ်းမှုတို့ လူသတ်မှုတို့က ၈ ခုလောက်ပါတယ်။”

စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူလုပ်သားပေါင်း ၃ သောင်းခွဲလောက်ရှိမယ်လို့ ဒီအဖွဲ့က ခန့်မှန်း ထားပါတယ်။
မြန်မာအလုပ်သမားဝန်ကြီးဌာနကတော့ စင်ကာပူကို အိမ်အကူအဖြစ် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် ရာဂဏန်းပဲရှိတယ်လို့ ပြောထားပါတယ်။

စင်ကာပူမှာ အိမ်အကူအဖြစ် ၆ နှစ်ကြာ အလုပ်လုပ်နေတဲ့ ဒေါ်ခင်ပြုံးနွယ်ကတော့ အိမ်အကူ အလုပ်သမားတွေကို ကြော်ငြာပြီး ရောင်းချတာဟာ သတင်းစာတွေမှာ နေ့စဉ်လိုလို ဖော်ပြနေပြီး အများအားဖြင့် အင်ဒိုနီးရှားနဲ့ မြန်မာအလုပ်သမားတွေကို ဈေးနှိမ် ကြော်ငြာတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

“ကြော်ငြာတွေက သတင်းစာတွေမှာလည်း ထည့်ကြေငြာတယ်။ သတင်းစာတွေမှာ ပုံတွေနဲ့ သတင်းစာမှာ ကြော်ငြာထည့်တာ တွေ့တယ်။ များသောအားဖြင့် လျော့ဈေးချတဲ့အခါမှာ မြန်မာ၊ အင်ဒို အဲဒီလို ထည့်ကြော်ငြာတယ်။ အဲဒီလိုတွေ့တဲ့မှာ ငါတို့လည်း လူဖြစ်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းရှက်သွားတယ်။”

ဒေါ်ခင်ပြုံးနွယ်ဟာ မြန်မာပြည်မှာ တက္ကသိုလ်ဘွဲ့ရ ကျောင်းဆရာမတဦး ဖြစ်ပြီး သ့အနေနဲ့ စင်ကာပူနိုင်ငံကို ရောက်စတုန်းက တရုတ်အလုပ်ရှင်တဦး အိမ်မှာ ၁ လကို စင်ကာပူဒေါ်လာ ၃၄၀နဲ့ အလုပ်လုပ်ရပြီး နားရက်မရှိသလို အစားအသောက်လည်း မလုံမလောက်ကျွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါအပြင် ရောက်စက သူကို ပို့ပေးခဲ့တဲ့ အေဂျင်စီကနေ ၁ လ စင်ကာပူဒေါ်လာ ၃၂၀ ဖြတ်တဲ့အတွက် ၈ လအတွင်း ၁ လကို ၂၀ ပဲ ရရှိခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ နောက်ထပ် အိမ်တအိမ်ကိုပြောင်းခွင့်ရတဲ့အတွက်အခုဆိုရင် လစဉ် ၆၀၀ ကျော် ရရှိနေပြီးလို့ ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မြန်မာစတဲ့ အာဆီယံဒေသတွင်းနိုင်ငံက အိမ်အကူအလုပ်သမားတွေ အများအပြား လာရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး ဒီအလုပ်သမားတွေဟာ လုပ်အားခနည်းနည်းနဲ့ အလုပ်ချိန် ရှည်ကြာစွာ လုပ်ရတာနဲ့ တခါတရံ အိမ်ရှင်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုခံရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ထွက်ရှိခဲ့တဲ့ အယ်ဂျာဇီးရားရုပ်သံ သတင်းတပုဒ်မှာတော့ စင်ကာပူက ရှောပင်းမော ကုန်တိုက်တွေမှာ မြန်မာအပါအ၀င် အိမ်အကူအလုပ်သမားတွေကို ဘယ်လောက်ကျွမ်းကျင်တယ် ဈေးချိုချိုနဲ့ ခိုင်းလို့ ရတယ်ဆိုပြီး ရောင်းကုန်သဖွယ် ကြော်ငြာ ရောင်းချနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ စုံစမ်း စစ်ဆေးဖော်ထုတ်မှုတွေ ပြုလုပ်နေတယ်လို့ ဇူလိုင် ၂ ရက်နေ့က သံရုံးဝက်ဆိုက်မှာ သတင်း ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013