“တော်လှန်ဆင်နွှဲ လူရွှင်တော်ပြိုင်ပွဲ” ကျင်းပမည်

CDM နွေဦးတော်လှန်ရေး ဟာသလူရွှင်တော်တွေ စုပေါင်းပြီး ပထမဆုံးအကြိမ် “တော်လှန်ဆင်နွှဲ လူရွှင်တော်ပြိုင်ပွဲ” ကို ထိုင်း-မြန်မာနယ်စပ် မြဝတီ တဖက်ကမ်း မဲဆောက်မြို့ တနေရာမှာ ဒီဇင်ဘာ ၆ ရက်နေ့ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ဟားငါးကောင်အငြိမ့်အဖွဲ့မှ လူရွှင်တော် ပြည်ကျော်နဲ့ သီချင်းရေးဆရာ မောင်မိုးပွင့် (ရေကြည်) တို့ ဦးဆောင်ပြီး ပထမဆုံးအကြိမ် “တော်လှန်ဆင်နွှဲ လူရွှင်တော်ပြိုင်ပွဲ” ပြုလုပ်ဖို့ မဲဆောက်မြို့မှာ နိုဝင်ဘာ ၆ ရက်က ဆွေးနွေးခဲ့ကြပါတယ်။
လူရွှင်တော် ပြည်ကျော်က "တော်လှန်ရေးအတွက် ခွန်အားတက်စရာ ဟာသပျက်လုံးတွေ ပျက်ရမယ်။ တဖွဲ့ကို လူရွှင်တော် ၂ ယောက် ၁၅ မိနစ် ဟာသတွေ တင်ဆက် ယှဉ်ပြိုင်ခွင့် ရှိမယ်”လို့ DVB ကို ပြောသည်။
“တော်လှန်ဆင်နွှဲ လူရွှင်တော်ပြိုင်ပွဲ” အတွက် အမှတ်ပေးဒိုင်တွေအဖြစ် လူရွှင်တော် အရပ်ထဲက စပ်ဖြဲ၊ ကဗျာဆရာ မောင်မိုးပွင့် (ရေကြည်)၊ လူရွှင်တော် ပိုးလေး၊ ဆရာနေဇော်နိုင်နဲ့ အမျိုးသမီးအနုပညာရှင် တယောက်တို့ ပါဝင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။











