DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်၊ ပြည်သူစစ် ၁ ဦး ပစ်သတ်ခံရ
DVB
·
June 27, 2023
ရေးမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်၊ ပြည်သူစစ် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာကျေးရွာအနီးမှာ ဇွန် ၂၆ ရက် ည ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေနေကိုတော့ မသိရသေးဘူးလို့ PDF ရဲဘော်တယောက်က  ပြောပါတယ်။

"စစ်လေယာဥ်က မနေ့ညနေကတည်းက တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လှည့်ပတ်ပြီး လေယာဥ်နဲ့ပစ်တာကြားရတယ်။ ည ၈ နာရီမှာ ရေး သံဖြူဇရပ်လမ်း အောင်သာယာကျေးရွာဘက်တလျှောက်မှာ တိုက်ပွဲက ပြင်းထန်နေလို့ တချို့ရေးမြောက်ပိုင်းရွာက လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။" 

ရေးမြောက်ပိုင်း ရေး-သံဖြူဇရပ်ကားလမ်း နယ်မြေစိုးမိုးထိန်းချုပ်ထားလိုက်ပြီလို့ KNLA၊ PDF ပူးပေါင်းအဖွဲ့က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျားဖြူစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

KNLA၊ PDF ပူးပေါင်းဘက်မှ ရဲဘော်တွေ အထိအခိုက်မရှိပေမဲ့ ကျေးရွာနေ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု မြို့ဟောင်းကုန်းရွာက ပြည်သူစစ်ခေါင်းဆောင် စိုးအောင်ဟာ ဇွန် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နာရေးလိုက်ပါပို့ဆောင်နေစဥ်မှာ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာရောက် ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“နာရေးဆိုတော့ လိုက်ပါပို့ဆောင်နေကြတာလည်း အများကြီးဖြစ်တော့ ပြည်သူ့စစ်ခေါင်း ဆောင် စိုးအောင်က ပစ်ခတ်ခံရတဲ့နေရာမှာ သေဆုံးခဲ့တယ်။ သူ့အနားက မဇင်မာနွယ်က ပေါင်နဲ့ဒူးခေါင်းတွေမှာ ကျည်ရှပ်မှန်ဒဏ်ရာရသွားခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပျူခေါင်းဆောင် စိုးအောင်ဟာ အစင်ရွာ၊ ကျားတန်း၊ ဇီဖြူသောင်၊ ဓမင်ဆိပ်၊ ပင်လယ်ဝ၊ ဆိတ်ကလေး၊ အဘော်ရွာ၊ ဒူးယား စတဲ့ရွာတွေမှာ ဗိုလ်ကျအနိုင်ကျင့်ငွေတောင်းနေတာကြောင့်  ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် စိုးအောင် ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးတာတွေ ပြုလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်က ဇွန် ၂၂ ရက် မနက် ၁၀ နာရီလောက်ကလည်း ရေးချောင်းတောင်ကျေးရွာ စစ်ဆေးရေးဂိတ်ကို ရေးဘီးလူးအဖွဲ့က အလစ်ငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄ ယောက်ကျဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013