DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ် ရငဲရွာကို စစ်တပ်က မီးထပ်ရှို့
DVB
·
June 26, 2023
သရက်ချောင်းမြို့နယ် ရငဲရွာကို စစ်တပ်က မီးထပ်ရှို့
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ ဘောလုံးကွင်းအနီးအနားက နေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၂၆ ရက် မနက် ၈ နာရီလောက်မှာ မီးစတင်ရှို့ခဲ့တယ်လို့ ရွာသားတွေဆီက သိရပါတယ်။

မီးစတင်ရှို့ခံရစဉ်မှာ အိမ် ၂ လုံးသာ မီးစွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ရှိနေတာကြောင့် ရွာသားတွေ မီးငြှိမ်းသတ်ခွင့်မရဘဲ အိမ်နီးချင်းနေအိမ် ၂ လုံးပါ မီးကူးသွားပြီး စုစုပေါင်း  ၄ လုံး မီးလောင်ခဲ့ပါတယ်။

ရငဲရွာက စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “လက်နက်ကြီးအသံ ၄ ချက်လောက် ကြားရပြီးတာနဲ့ မီးခိုးစထွက်လာတာပဲ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး ရငဲရွာထဲကို လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်နေတာဖြစ်ပြီး ဇွန် ၂၆ ရက် မီးရှို့ခံရတာဟာ တလအတွင်း ၃ ကြိမ်မြောက် မီးရှို့ခံရမှုဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရငဲရွာ မြွေတောင်နဲ့ ကျေးရွာအတွင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ဇွန် ၈ ရက်မှာ ကနက်သီရိရွာကို စတင်ဝင်မွှေပြီး ဇွန် ၁၀ ရက်မှာ ရငဲရွာကို ရောက်လာပြီးကတည်းက တပ်စွဲနေတာ ၁၀ ရက်ကျော်ပြီ ဖြစ်ပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေနဲ့ သရက်ချောင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဇွန် ၈ ရက်၊ ၁၁ ရက်၊ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ မဟာမိတ် ပုတီးတလုံး ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တဦး ကျဆုံးပြီး တဦး ဒဏ်ရာရတယ်လို့ သရက်ချောင်း ပကဖ က တိုက်ပွဲသတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရငဲရွာ အပါအဝင် အနီးအနားရှိ ကျေးရွာ ၆ ရွာက ရွာလုံးကျွတ် မိုးရေထဲ စစ်ဘေးရှောင်နေရတာ ၂ ပတ်ကျော်လာပြီဖြစ်ပြီး အစားအသောက်နဲ့ ဆေးဝါး အခက်အခဲတွေ ကြုံနေရပါတယ်။

မြို့နဲ့အဆက်အသွယ်ရှိသူ ဆွေမျိုးသားချင်းအိမ်ရှိသူတွေက မြို့ပေါ်မှာ စစ်ဘေးရှောင်နေကြပြီး အများစုကတော့ ကျေးရွာပတ်ဝန်းကျင်မှာပဲ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

“ကနက်သီရိမှာက အိမ်ပြန်နေသူတွေ ရှိတယ်။ ရငဲမှာက အိမ်ပြန်လို့ကို အဆင်မပြေဘူး။ လူတွေမရှိပြန်တော့လည်း မီးရှို့နေတယ်။ ဘယ်လိုနေရမှန်းတောင် မသိတော့ဘူး။ သူတို့(စစ်ကောင်စီ)ကလည်း ဘယ်လောက်ကြာဦးမယ်မသိ” လို့ ဒေသခံတဦးက စစ်ဘေးရှောင်နေရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဇွန် ၈ ရက် စဝင်လာတည်းက အရပ်သားထိခိုက်မှုအနေနဲ့ ပစ်သတ်ခံရသူ ၁ ဦး၊ နှိပ်စက်ခံရသူ ၁ ဦး၊ လက်နက်ကြီးထိမှန်သူ ၂ ဦးနဲ့ ဆေးကုသမှု အလုံအလောက်မရဘဲ သေဆုံးရသူတဦး ရှိခဲ့ပြီး နေအိမ်မီးရှို့ခံထားရတာကလည်း အလုံး ၂၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013