DVB Logo
Home
မြန်မာသတင်း
ရှမ်းရွာသားများ လူ့အခွင့်အရေးချိုးဖောက်ခံရဆဲဟုဆို
DVB
·
July 12, 2014
ရှမ်းရွာသားများ လူ့အခွင့်အရေးချိုးဖောက်ခံရဆဲဟုဆို
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေဆဲကာလမှာ ဒေသခံရှမ်းရွာသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲပဲလို့ ပြည်ပအခြေစိုက် အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Shan Human Rightရှမ်းပြည်တောင်ပိုင်း ကျေးသီးနဲ့ မိုင်းရှုးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းပိုင်းတွေ အတွင်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်ကြား ထိတွေ့ပစ်ခတ်မှုတွေ နယ်မြေထဲမှာ အစိုးရတပ်က အင်အားဖြည့်တင်းတာတွေ ရှိခဲ့ပြီး အဲဒီကြားမှာ ဒေသခံရွာသားတွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ရဲ့ ပြောခွင့်ရ နန်းခေါန်လိတ်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်အစိုးရကနေပြီး ရွာတွေထဲမှာ တပ်တွေချပြီးတော့မှ ရွာထဲကနေပြီး ရှမ်းပြည်တပ်မတော်ကို ဦးတည်တိုက်ခိုက်နေတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ အခုအစိုးရက ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်နေလို့ ပြောတယ်၊ ဒါပေမယ့် တဖက်မှာလည်း ဒီလိုမျိုး စစ်တိုးချဲ့မှုတွေ စစ်စခန်းဆောက်လုပ်မှုတွေ လုပ်နေတာတွေဟာ အစိုးရက တဖက်ကနေပြောနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို နိုင်ငံရေးအရ ဖြေရှင်းသွားမယ်ဆိုတဲ့ စကားနဲ့ ဆန့်ကျင်နေတဲ့အတွက်ကြောင့် ကျမတို့ က စိုးရိမ်ပူပန်နေတဲ့ အကြောင်း ပြီးတော့ စစ်တိုးချဲ့မှုတွေ စစ်စခန်းဆောက်လုပ်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုတာဖြစ်ပါတယ်။”

အစိုးရတပ်က ရှမ်းပြည်တပ်မတော်ကို စစ်ဆင်တဲ့ ဒီ ၂ လအတွင်း မိုင်းရှူးမြို့နယ်က ကိန်းလိန်နဲ့ နမ့်တောက်ရွာ၊ ကျေးသီးမြို့နယ်က ၀မ့်ဝပ်၊ ပန်ကျဲ့၊ လွယ်ရွဲ၊ ဖာဆောင် နဲ့ ကောင်းလန်းရွာနဲ့ တန့်ယန်းမြို့နယ် မန့်ကတ်အစရှိတဲ့ ကျေးရွာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။
ရွာသားတွေဟာ လမ်းပြအဖြစ်ခေါ်ဆောင်တာ၊ ထော်လာဂျီပေါ်တာဆွဲတာ၊ ရွာထဲကို လက်နက်ကြီးကျတာ၊ ရွာသားတွေ ၀င်ထွက်သွားလာမှုကို ပိတ်ပင်တားမြစ်တာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ စစ်တပ်လေ့ကျင့်ရေးစခန်း တည်ဆောက်ဖို့ ၀ါးလုံး ၁ သောင်း ကောက်ခံတာတွေရှိသလို ၀မ်ဝပ်စာသင်ကျောင်း ရုတ်တရက်ပိတ်ထားရတဲ့အတွက် မူလတန်းကလေး ၁၀၀ ကျော် ဒီနေ့ထိ စာသင်ဖို့ အခွင့်အရေးဆုံးရှုံးနေတယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီိကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့ကတော့ သူ့အနေနဲ့ ဒီအစီရင်ခံစာကို မတွေ့သေးပါကြောင်း၊ လက်ရှိ အစိုးရလက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို လက်ခံအရေးယူ ဆောင်ရွက်ပေးနေပြီ ဖြစ်တဲ့အတွက် မီဒီယာတွေကနေ ထုတ်ပြန်ရုံနဲ့ မပြီးဘဲ ကော်မရှင်လက်ထဲ ရောက်အောင် တိုင်တန်းစာတွေ ပေးပို့ကြဖို့ ခုလိုတိုက်တွန်းထားပါတယ်။

“သူတို့ တကယ်တမ်း ဖြစ်တယ်ဆိုရင် ဒီမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ရှိပါတယ်။ သူတို့ရဲ့ လူ့အခွင့်အရေး အကြမ်းဖက် ခံရတာတွေ ရှိရင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကို တရားဝင် တိုင်လိုက်ရင် ဒီကနေပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားမှာပါ။ သတင်းပို့စရာရှိတာတွေ တိုင်ကြားစရာရှိတာတွေကို အဲဒီကို တိုင်ကြားရင်ပိုပြီး ထိရောက်လိမ့်မယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ ကော်မရှင်မှာ တိုင်တန်းစာပေါင်း ၆ ထောင်ကျော် လက်ခံရရှိပြီး ဘယ်အဖွဲ့အစည်းကဘဲ ဖြစ်ဖြစ် ကျူးလွန်သူ လူပုဂ္ဂိုလ်အပေါ်မှာ အဓိကထား အရေးယူဆောင်ရွက်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံရွာသားတွေဟာ လုံခြုံမှုကင်းမဲ့ပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ခွင့် ဆုံးရှုံးနေရကြောင်း၊ ဒါကြောင့် အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ် ဖြစ်ပြီး၊ ရှမ်းလက်နက်ကိုင်နယ်မြေတွေမှာ စစ်ဆင်တာ၊ တပ်မတော်လေ့ကျင့်ရေးစခန်း တည်ဆောက်တာနဲ့ စီမံကိန်းရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ကာ ဒေသအတွင်း တိုးချဲ့ထားတဲ့ စစ်တပ်တွေ ပြန်ရုပ်သိမ်းပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုထားပါတယ်။

ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဟာ ရှမ်းပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ကောက်ယူစုဆောင်းပြီး အများပြည်သူနဲ့ နိုင်ငံတကာသိရှိအောင် အလျဉ်းသင့်သလို အစီရင်ခံစာ ထုတ်ပြန်တာ၊ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ အစိုးရတွေကို တိုက်တွန်းတောင်း ဆိုတာတွေ ဆောင်ရွက်နေပြီး ၁၉၉၀ ခုနှစ် ဒီဇင်ဘာလမှာ ဦးခွန်ကြာဦး (ကွယ်လွန်) က ဦးဆောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013