DVB Logo
Home
မြန်မာသတင်း
မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန် သမ္မတဘိုင်ဒင်နှင့် ဝန်ကြီးချုပ် မိုဒီပူးတွဲ တောင်းဆို
DVB
·
June 26, 2023
မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန် သမ္မတဘိုင်ဒင်နှင့် ဝန်ကြီးချုပ် မိုဒီပူးတွဲ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အခြေအနေ ပိုမိုဆိုးဝါးယိုယွင်းပျက်စီးလာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင်တွေက   အလွန်အမင်းစိုးရိမ်တဲ့ အကြောင်းနဲ့ မတရားသဖြင့် ထင်သလို ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့   စစ်ကောင်စီကို တောင်းဆို လိုက်ပါတယ်။

ဒါ့အပြင် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြုလုပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ဆီ အသွင်ကူးပြောင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အချက် ၅၈ ချက်ပါ နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ဇွန် ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သီးသန့် အချက်တချက်အနေနဲ့ ဖော်ပြတိုက်တွန်းထားတာပါ။ 

ဒီပူးတွဲကြေညာချက်နဲ့  ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ တရားစီရင်ရေးအာဏာကို ဥပဒေနဲ့ အညီ ကျင့်သုံးကာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေကိုသာ တည်ဆဲဥပဒေနဲ့ အညီ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒေမဲ့ အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဇွန် ၂၅ ရက်မှာ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပြီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လွတ်လပ် တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့လည်း စစ်ကောင်စီက နိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ၁၀၆ ကြိမ် ပြုလုပ်ပြီး ပြစ်ဒဏ်ကျခံနေရသူ ၆၂၈၁၈ ကျော်ကိုလည်း လွတ်ငြိမ်းချမ်း သာခွင့်ပြုခဲ့ကာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၅၉ ဦး တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နားလည်မှု၊ အားပေးမှုနဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်ပေးဖို့နဲ့  နိုင်ငံတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေတဲ့ အကြမ်းဖက်မှု လုပ်ရပ်မျိုးမဆို ဆန့်ကျင်ရှုတ်ချသွားဖို့လိုတယ်လို့လည်း စစ်ကောင်စီ  နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီက တဖက်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် ရေးပြောနေပေမဲ့ တဖက်မှာတော့ နိုင်ငံတဝန်းမှာ ကျေးတွေကို ရွာမီးရှို့၊ လူသတ်၊ ငွေနဲ့ပစ္စည်းတွေလုယူ ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်မှုတွေ မျိုးစုံ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးလှုပ်ရှားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကိုလည်း ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးထောင်ချထားတာ ဖြစ်ပါတယ်။  

PHOTO- The White House

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013