DVB Logo
Home
Lead Story
ဒေါက်တို သာဝ
DVB
·
June 25, 2023
ဒေါက်တို သာဝ
Donate to DVB

အိမ်ခေါင်မိုးပေါ်သို့ မိုးသီးမိုးပေါက်ကျသံများကား ' တဗြောင်းဗြောင်း ' ကို မည်လျက်ရှိ၏။ ခြံထဲကသစ်ပင်တွေကို လေတိုးသံများကလည်း ' တရွှီးရွှီး ' ကို ဖြစ်ပါ၏။ မိုးကောလေကော နှစ်ပါးဆိုင်ကာ အပြိုင်ထန်လျက်ရှိပါလေတော့၏။

သည်လို လေသံ မိုးသံတွေ ညံစည်လျက်ရှိနေချိန်မှာ ဖေကြီးတို့၏ ရေနွေးကြမ်းဝိုင်းမှာ ထူးထူးခြားခြား တိတ်ဆိတ်လျက်။ အဘစောမူးသာရယ် အဘလုံးတုံးရယ် လေရှီးကဖေကြီးရယ် လက်ထဲမှာ စာအုပ်ကိုယ်စီနှင့် ဖြစ်ပါလေ၏။

ထူးခြားသည်ကား သုံးဦးစလုံးလက်ထဲမှာ ဆရာညီပုလေး၏ စာအုပ်တွေချည်းသာဖြစ် နေတာ ဖြစ်ပါလေ၏။ 'မြေးသူကြီး'ရယ်၊ 'လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ'ရယ် ၊ 'ထက်မြက်သော ဓားသွားပေါ်က ချိုမြမြပျားရည်စက်' ရယ်။ အဘစောမူးသာရဲ့ စာအုပ်ဘီရိုထဲက ပြန်ထုတ်ထားကြတာ။

" သိပ်ကို နှမျောဖို့ကောင်းလိုက်တာကွာ "

" အမှန်ပဲ မူးသာ . . . တိုင်းပြည်အတွက် အဖိုးတန်တဲ့လူတစ်ယောက် နိုင်ငံက ချစ် တဲ့လူတစ်ယောက် အခုလို တိမ်းပါးခဲ့ပြန်တော့ ဆရာတင်မိုးရဲ့ကဗျာကိုသာ သွားသွားပြီး အမှတ်ရမိတယ်ကွာ"

" ချစ်သောသူတို့သက်တမ်းကားတိုတောင်းလှ၏။

မုန်းသောသူတို့သက်တမ်းကား

ရှည်လွန်းလှ၏ "

အဘနှစ်ဦးကိုကြည့်ကာ သူတို့လိုပဲ နှမျောတသ ကြေကွဲမိတာတော့ အမှန်ပါ။ ဆရာ ညီပုလေးကွယ်လွန်အနိစ္စရောက်သွားသည့်သတင်းတွေကို အွန်လိုင်းပေါ်မှာ မြင်လိုက်ကြရတဲ့အခါ အားလုံးပဲ စိတ်မကောင်းဖြစ်ကာ နှမျောတသဖြစ်ခဲ့ကြပါလေ၏ ခင်ဗျာ။

"လူကောင်းတစ်ယောက်၊ လူတော်တစ်ယောက်၊ လူယဉ်ကျေးတစ်ယောက်၊ တိုင်းပြည်က အားထားရတဲ့လူတစ်ယောက်၊ နိုင်ငံ့ကောင်းကျိုးအတွက် တစ်သက်တာလုံးအစွမ်းရှိသလောက် အားစိုက်အင်စိုက် လုပ်ပေးသွားတဲ့ လူတစ်ယောက် "

" အေးကွာ . . . "

စာဖတ်နာသူတွေဖြစ်သည့် အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ဆရာညီပုလေးနှင့်ပတ်သက်ပြီး ဆက်လက်၍ စကားကောင်းနေကြပါ၏။ ဆရာညီပုလေးသာမက သူတို့၏မျိးရိုးစဉ်ဆက် နိုင်ငံ့အတွက် ပြည်သူလူထုအတွက် ' အလုပ် ' တွေ မည်မျှလုပ်ခဲ့ကြောင်း၊ အစိုးရအဆက်ဆက် အညှိုးထား  စောင့်ကြည့်ကာ မကြာခဏ ဖမ်းဆီး၍ ထောင်သွင်းအကျဉ်းချခံခဲ့ရ သော စာပေမိသားစုလည်းဖြစ်ခဲ့ကြောင်း ပြန်ပြောင်း လွမ်းဆွတ်နေကြပါလေ၏။

" မင်းကြည့်ကွာ . . . တကယ့် မျိုးရိုးကွ။ အဖေက လူထုဦးလှ၊ အမေက လူထုဒေါ် အမာ "

" အေးကွ . . . ခေတ်အဆက်ဆက် လူထုဘက်ကနေ မားမားမတ်မတ် ရပ်ခဲ့ကြတဲ့ လူသူတော်ကောင်းတွေ စာသူတော်ကောင်းတွေပေါ့ "

" ဦးနေဝင်းကအစ ဦးစောမောင်၊ ဦးသန်းရွှေတို့အလယ် ကြင်စိုး သာ၀ မအလ တို့လို အာဏာရှင် အာဏာရူး အာဏာမူး စစ်အစိုးရအဆက်ဆက် စောင့်ကြည့်ထိတ်လန့်ခဲ့ရတဲ့သူတွေပေါ့ "

အဘတို့၏စကားများကို စိတ်ဝင်စားစွာ နားထောင်နေဖြစ်ပါ၏။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်ကြောင်း၊ မွေးချင်းများထဲမှာ ပဉ္စမမြောက်လည်းဖြစ် အငယ်ဆုံးလည်းဖြစ်၍ ချစ်စရာကောင်းလှသည့် ' ညီပုလေး ' ဟူသောကလောင်အမည်ကို ယူခဲ့ကြောင်းပါတဲ့။

" မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကနေ ဘူမိဗေဒ ဘာသာရပ်နဲ့ ဘွဲ့ယူခဲ့ပြီး ၁၉၇၅ ကနေ ၁၉၇၇ ခုနှစ်အတွင်းမှာ မန္တလေးတိုင်း တိုင်းပဏာမလက်ရွေးစင်ဘောလုံးသမားလည်း ဖြစ်ခဲ့တယ် "

" အေးကွ . . . ဘောလုံးလည်း အကန်ကောင်း၊ စာလည်းအရေးကောင်းတဲ့အပြင် ဓာတ်ပုံမှာလည်း ဆရာတစ်ဆူကွ၊ ပန်းချီလည်းရေးတော့လည်း တကယ့်ကို နိပ်တဲ့ဆရာပေါ့ "

" အင်း . . . "

တောတွင်း ဗကပသို့ ရောက်ရှိနေသော အစ်ကို ဖြစ်သူ ဖိုးသံချောင်းနဲ့  ၁၉၇၈ ခုနှစ်၊ ဩဂုတ်

အတွင်း စာအဆက်အသွယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖခင်လူထုဦးလှ၊ မိခင်လူထု ဒေါ်အမာတို့နဲ့အတူ  ထိန်းသိမ်းခံရပြီး မန္တလေးထောင်ထဲ ရောက်ခဲ့သူတဲ့ ။

" ၈၈ နောက်ပိုင်း နဝတခေတ်မှာလည်း ဆရာညီပုလေးကို စစ်အစိုးရက ထပ်ထိန်းသိမ်းပြီးတော့ သရက်ထောင်ကို ပို့ခဲ့သေးတယ်ကွ "

“စစ်အာဏာရှင်တွေရဲ့ ယုတ်ပတ်ပုံကတော့အဲဒါပဲကွ၊ မန္တလေးကလူကို မန္တလေးထောင်မှာမထားပဲ အဝေးကြီး ပို့ပစ်တယ်။ မိသားစုတွေ ထောင်ဝင်စာတွေ့ဖို့ အခက်အခဲဖြစ်အောင် တမင် ညစ်ခဲ့တဲ့ကောင်တွေကွ "

ဆရာညီပုလေးအကြောင်းကိုပြောနေကြရင်းကနေ ဖေကြီးကို လှမ်းမေးပါ၏။ အဲသည် ' ညီပုလေး ' ဆိုတာကို သိတယ်နော်တဲ့။ ဖေကြီးတို့ငယ်ငယ်က မိဘတွေ ပြောတဲ့ ပုံပြင်တွေ တေးကဗျာတွေကို စွဲမှတ်ခဲ့ပါကြောင်း ' ညီပုလေး ' ကို သိပါ ကြောင်း ပြန်ဖြေဖြစ်ပါလေ၏။

" အေးကွ ဖေကြီးရ . . . ငယ်ငယ်က မိဘတွေက ငါတို့ကို လက်ဖဝါးထောင်ခိုင်းပြီးရင် လက်ချောင်းကလေးတွေကို တစ်ချောင်းချင်း တစ်ချောင်းချင်း ထောက်ထောက်ပြီး သူတို့ရဲ့နာမည်ကလေးတွေကို ပြောပြောပြတယ်မဟုတ်လား "

" ' လက်မ၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်နဲ့ လက်သန်း ' ဆိုပြီးပေါ့ "

" ' ဒေါက်တို၊ ရန်လို၊ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ' ဆိုပြီးပေါ့ "

" အေးကွ . . . "

" ဟားဟား ဟားဟား ဟားဟား . . . . "

စကားကောင်းနေရင်းကနေ အဘစောမူးသာ ရုတ်တရက်ကြီး ထ ရယ်ချပါလေ၏။ စစ်ပြန်ကြီး အဘလုံးတုံးက ဖေကြီးကိုကြည့်ကာ အနောက်တိုင်းဇာတ်ကားတွေထဲက ဇာတ်လိုက်တစ်ဦးလို လက်ဖဝါးနှစ်ဘက်ကို အပြင်သို့ဖြန့်ပြီး တံတောင်ဆစ်မှ ကွေးကာမြှောက်၍ ပခုံးနှစ်ဘက်ကို အပေါ် သို့မြှင့်လျက် လည်ပင်းကိုပုဝင်ကာ မျက်ခုံးကို မြှင့်ပြပါလေ၏။

အဘစောမူးသာကား တဟားဟား ရယ်နေရာမှ လက်ကာပြပါ၏။ ' ငါပြောပြမယ် ငါပြောပြမယ် ' ဟု အချက်ပြသလိုပါ။ ရယ်လို့အားရပြီဆိုမှ သူရယ်ရခြင်းအတွေးကို ရှင်းပြတော်မူပါလေ၏။

" မင်းတို့က ' ဒေါက်တို၊ ရန်လို၊ သူ့ထက်

ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ' ဆိုတော့ ငါကတိုင်းပြည်ကိုဒုက္ခပေးပြီး ချောက်ထဲဆွဲချခဲ့တဲ့

ကြင်စိုး သာ၀ မအလကို ပြေးပြီးမြင်တာ "

" ဟေ . . . ဘယ်လို ပြေးမြင်တာလဲဟ "

" ဒီကောင်က ခွေးပစ်တဲ့တုတ်သာသာ ' လေးပေရှစ်' လေကွာ၊ ဒီတော့ ' ဒေါက်တို ' ပေါ့ဟ"

" အဲဒါနဲ့ . . . "

" တန်ဖိုးရှိတဲ့ ' ညီပုလေး ' အစား တန်ဖိုးမရှိတဲ့ ' ဒေါက်တို ' ကို ဂန့်စေချင်ကြတာ "

" အင်း . . . ဟင်း ဟင်း ဟင်း "

" ကြင်စိုးက ' ဒေါက်တို ' ဖြစ်ရုံသာမကပဲ တိုင်းပြည်ကို ' ရန်လို ' ပြီး ' သူ့ထက်ကဲ ' ကာ ' ရွှေပြည်စိုး ' ဖို့ ယုတ်မာခဲ့တဲ့ကောင်မို့ အမြန်ဆုံး ဒရုန်းစာမိပြီး မာလကီးယားစေချင်တာဗျား "

" ဟားဟား ဟားဟား ဟားဟား . . . . "

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013