DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်
DVB
·
July 11, 2014
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်
Donate to DVB

ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ဒီကနေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးမှာ ပြည်တွင်းက သတင်းမီဒီယာသမားတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါတယ်။

z10မနေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံလိုက်ရတဲ့ ယူနတီဂျာနယ်သတင်းထောက်တွေ လွတ်မြောက်ရေးအပါအ၀င် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေအားလုံး လွတ်မြောက်ရေးအတွက် မီဒီယာသမား ၁၀၀ ကျော်က “မီဒီယာဖိနှိပ်မှုရပ်” စာသားပါ တီရှပ်တွေဝတ်ဆင်ပြီး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။

ဆုတောင်းပွဲ ပါဝင်ခဲ့တဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမူး ၁ ဦးသန်းဌေးက သတင်းထောက်တွေ မတရား တရားစီရင်ခံရလို့ ဆုတောင်းပွဲလုပ်တာဖြစ်ပြီး အကျဉ်းကျခံနေရတဲ့ သတင်းထောက်တွေကိုလည်း ကူညီသွားမယ်လို့ ပြောပါတယ်။

“မြန်မာဂျာနယ်လစ်ကွန်ရက်က သတင်းထောက်တွေ မတရား တရားစီရင်ခံရတာနဲ့ ပတ်သက်လို့ ကျနော်တို့ မနေ့က ထုတ်ပြန်ကြေညာချက် ထုတ်ပြီးပြီ။ ဒီနေ့လည်း ဆုတောင်းပွဲ လုပ်ပြီးပြီ။ အခြားသော မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် သတင်းအဖွဲ့အစည်းတွေ သတင်းမီဒီယာတိုက်တွေနဲ့ ပူးပေါင်းပြီးတော့ တခြားနည်းလမ်းတွေနဲ့လည်း သူတို့တွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီး ကြိုးစားပါမယ်။ ထောင်ထဲတွေကို ရောက်နေတဲ့ သူငယ်ချင်းတွေ ညီအကိုတော်တွေအတွက်တော့ သူတို့ရော၊ သူတို့မိသားစုတွေအတွက်ကော တတ်နိုင်သလောက် ကူညီထောက်ပံ့နေတဲ့ လုပ်ငန်းကို ဆက်ပြီး လုပ်သွားပါ့မယ်။”

သတင်းမီဒီယာသမားတွေ လွတ်မြောက်ရေး ဆုတောင်းခဲ့တဲ့ သမဂ္ဂ ဂျာနယ်သတင်းထောက်ချုပ် ဒေါ်ရွှေမှုန်က “ဖမ်းဆီးထောင်ချခံရတဲ့ကိစ္စတွေက အရမ်းများလာပြီး စိပ်လာတယ်။ မကြာသေးမီကပဲ သတင်းဌာနတွေ သတင်းဂျာနယ်တိုက်တွေကို ၀င်ရောက်ပြီး အက်စ်ဘီကနေ မေးမြန်းတာတွေ ရှိလာတယ်။ သမ္မတ ပြောထားတဲ့ စတုတ္ထမဏ္ဍိုင်ဟာ အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ပါဆိုရင် ဘာကြောင့် အခုလိုမျိုးအချုပ်အနှောင်တွေနဲ့ ထောင်ချဖို့အတွက် ပြင်ဆင်နေသလဲ၊ ကြိုးစားနေသလဲ။ ဒါတွေဟာ လုံးဝကို မဖြစ်သင့်ဘူးလို့ ထင်တယ်။ သမ္မတကြီးက စတုတ္ထမဏ္ဍိုင် အရေးကြီးတယ်ပြောတော့ မီဒီယာသမားတွေ အကုန်လုံး ၀မ်းသာခဲ့ပြီး ကြိုဆိုခဲ့ကြပါတယ်။ အခုကျတော့ မေ့နေသလားလို့တောင် ထင်မှတ်မိတယ်။”

ယူနတီဂျာနယ် သတင်းထောက်တွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး အခုလို ထောင်ဒဏ်ချမှတ်တာဟာ သတင်းထောက်တွေကို သာမကပဲ နိင်ငံသားတွေရဲ့ အခြေခံအခွင့် အရေးဖြစ်တဲ့ သတင်းသိရှိပိုင်ခွင့်ကို ရိုက်ချိုးခြိမ်းခြောက်လိုက်တာလို့ မနေ့က သဘောထား ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်း စက်ရုံကို လျှို့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အတွက် ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုပြီး ပခုက္ကူခရိုင် တရားရုံးက မနေ့ကမှ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦးနဲ့ သတင်းထောက် တဦးကို ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်) ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ထည့်သွင်းဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013