Home
မြန်မာသတင်း
မိုးသည်းထန်သဖြင့် လိုင်ဇာအနီး ဂျဲယန်စစ်ရှောင်စခန်းတွင် ရေကြီး ရေလျှံ 
DVB
·
June 25, 2023

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ဇွန် ၂၄ ရက်မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဂျဲယန်စစ်ရှောင်စခန်းရှိ နေအိမ်တွေထဲကို ရေတွေလျှံလာကာ  အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့  စစ်ရှောင်ပြည်သူတွေထံက သိရပါတယ်။

စစ်ရှောင်ဒေသခံတဦးက "အိမ်တွေမှာ ဗွက်အိုင်တွေ ဖြစ်ကုန်လို့ ဒုက္ခရောက်နေတာ။ ရေတွေနဲ့ ပြိုတဲ့နေရာပြို။ ရေကြီးလို့ နေရာအနှံ့ ဒုက္ခဖြစ်နေကြတာ။ စစ်ဘေးဒုက္ခရောက်တယ်။ မကြာသေးမီကပဲ မီးဘေးရောက်သွားတယ်။ ခု ရေဘေး ထပ်ကြုံရတယ်။ ဘေးအန္တရာယ် အမျိုးမျိုး ကြုံနေရတယ်။ အခက်အခဲ တော်တော် ဖြစ်တယ်” လို့ ပြောပါတယ်။

အင်ခေါင်းပါ စစ်ရှောင်စခန်းဘက်မှာ ရေကြီးမြေပြိုလာလို့ စိုးရိမ်နေရကြောင်း စစ်ရှောင် ပြည်သူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၃ လပိုင်းက မီးလောင်ခဲ့တဲ့ နေရာတွေဘက်က မြေနိမ့်တာကြောင့် ပိုဆိုးနေပြီး ချောင်းနဲ့ ကပ်လျက်ဖြစ်လို့ ပြိုလာမှာ စိုးရိမ်နေကြရကာ ကျောက်တုံးတွေ လှိမ့်ပြီး မျောပါလာသံကြားလို့ ပိုစိုးရိမ်နေတာလို့ လည်း ပြောပါတယ်။ 

နောက်ထပ် စစ်ရှောင် ပြည်သူတဦးက "ရေကြီးလာတာ  မနက် ၆ နာရီခွဲလောက်က စတာ ။ ကျောက်တုံးတွေ အကြီးကြီးတွေရော တဝုန်းဝုန်းနဲ့ လှိမ့်ပြီး မျောပါလာတဲ့ အသံကြားနေတာ။ ရေ အရမ်း ကြီးနေတယ်။ ရေက နည်းနည်းကျလာပေမဲ့ ခုတောင် မိုးထပ်ရွာတော့မယ်။ စစ်ရှောင်ကလူတွေ လုပ်အားပေးပြီး သန့်ရှင်းရေး ဝိုင်းလုပ်နေတယ်ခု” လို့ ပြောပါတယ်။ 

စစ်ရှောင်စခန်းနဲ့ တရုတ်နိုင်ငံနယ်ခြားကြားမှာ စီးဆင်းနေတဲ့ ချောင်းဖြစ်ပြီး အိမ်တွေ တချို့က ကမ်းပါးနဲ့ ကပ်လျက် ရှိနေတာလို့ ဆိုပါတယ်။

ဂျဲယန်စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်ပြည်သူတွေ ၂၇၀ ဝန်းကျင်ရှိပြီး ဝိုင်းမော်မြို့နယ်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်က ဒေသခံပြည်သူတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဝန်းကျင်က စစ်တပ်နဲ့ ကေအိုင်အိုတို့အကြား တကျော့ပြန် တိုက်ပွဲကြောင့် တိုက်ပွဲရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ပါတယ်။

အလားတူ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ အင်ခေါင်းပါ စစ်ရှောင်စခန်းနဲ့ ကုန်းဖီးပါမှာလည်း မိုးသည်းထန်ပြီး ရေကြီးရေလျှံ မြေပြိုလာလို့ စိတ်ပူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက "ကလေးတွေ ကျောင်းသွားဖို့တောင်ခက်ပြီ။ နေရာအနှံ့ဖြစ်နေပြီ။ .... ရေချောင်းနဲ့ ဝေးတဲ့ ကျမတို့ တောင်ခြေမှာ နေနေလည်း တောင်ပြိုလာမှာ ကြောက်လို့ အိပ်လို့တောင် မပျော်ဘူး။ ရေချောင်းနဲ့ နီးတဲ့ သူတွေကလည်း ရေကို စိုးရိမ်နေရတယ်။" လို့ ပြောပါတယ်။ 

အင်ခေါင်းပါဒေသမှာ မြေရှားသတ္တုတွေ အများအပြားတူးထားတာကြောင့် မြေပြိုဖို့ အခြေအနေ များနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်ခေါင်းပါ စစ်ရှောင်စခန်းဟာလည်း ချောင်းဘေးမှာ ရှိတာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဝန်းကျင်က စစ်တပ်နဲ့ ကေအိုင်အေ တကျော့ပြန်စစ်ပွဲကြောင့် မံစီနဲ့ မိုးမောက်မြို့နယ်ဘက်က ဒေသခံ အိမ်ခြေရာချီ တိမ်းရှောင်လာတာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024