DVB Logo
Home
မြန်မာသတင်း
ယူနတီသတင်းထောက်ထောင်ဒဏ် နိုင်ငံတကာ ရှုတ်ချ
DVB
·
July 11, 2014
ယူနတီသတင်းထောက်ထောင်ဒဏ် နိုင်ငံတကာ ရှုတ်ချ
Donate to DVB

ယူနတီဂျာနယ် သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက သတင်း လွတ်လပ်ခွင့်ကို ချိုးဖောက်မှုအဖြစ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

[caption id="attachment_60060" align="alignright" width="300"]ဖမ်းဆီးခံ မီဒီယာသမားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းနေစဉ် ဖမ်းဆီးခံ မီဒီယာသမားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းနေစဉ်[/caption]ယူနတီသတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဖမ်ဆီးတရား ဆွဲဆိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ မနေ့က ချမှတ်ခဲ့တဲ့အပေါ် ပြည်တွင်း သတင်းမီဒီယာတွေက ကန့်ကွက်ရှုတ်ချလိုက်သလို ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေကလည်း အပြင်းအထန် ကန့်ကွက်လိုက်တာပါ။

ဒီလိုစီရင်ချက်ချမှတ်လိုက်တာဟာ မြန်မာရဲ့လွတ်လပ်စွာ ဖော်ထုတ်ခွင့်အတွက် မှောင်မိုက်တဲ့ နေရက်တွေကို ပြန်လည်ရောက်ရှိသွားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါတယ်။

“လူတွေ စိတ်ဝင်စားတဲ့ သတင်းကို သူတို့ရေးတာကလွဲပြီး ဒီသတင်းထောက် ၅ ဦးက ဘာမှမလုပ်ဘူး။ ဒီသတင်းထောက် ၅ ဦးကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေအဖြစ် အေအိုင်က သတ်မှတ်သလို သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ AI အာရှပစိဖိတ် လက်ထောက် ညွှန်ကြားရေးမှူး ရှုးပတ် အဘော့က ပြောပါတယ်။

ဒီပြစ်ဒဏ်ဟာ လူ့အခွင့်အရေး အခြေအနေတိုးတက်လာဖို့ အစိုးရကပေးခဲ့တဲ့ ကတိစကားဟာ အနှစ်မပါသလို ဒီလိုလုပ်ရပ်တွေ မလုပ်တော့ပါဘူးလို့ အစိုးရက အာမခံပေမယ့် ဒီနှစ်ကစတင်ပြီး လွတ်လပ်တဲ့ မီဒီယာအပေါ် ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းတာကို ထင်ဟပ်စေတယ်လို့ သူက ပြောပါတယ်။

အလားတူ အရှေ့တောင်အာရှ သတင်းစာဆရာများ မဟာမိတ်အဖွဲ့ (SEAPA) ကလည်း သတင်းထောက်တွေအပေါ် ချမှတ်လိုက်တဲ့ အရမ်းကို ပြင်းထန်တဲ့ ပြစ်ဒဏ်ကြောင့် စိုးရိမ်မိသလို အနှောင့်အယှက်ဖြစ်မိတယ်လို့ အမှုဆောင် ညွန်ကြားရေးမှူး Gayathry Venkiteswaran က ပြောပါတယ်။

“သူတို့ လုပ်နေတဲ့အလုပ်က လူထုကို သတင်းအချက်အလက်တွေ ပေးဖို့ပါ။ သူတို့တွေက ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုး ကြမ်းတမ်းတဲ့ ပြစ်ဒဏ်မျိုးနဲ့ မထိုက်တန်ပါဘူး” လို့ ပြောပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်က မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် နောက်ပြန်လည့်တယ်ဆိုတာကို အတည်ပြုလိုက်တာလို့ ပြောပါတယ်။

“တိုးတက်မှုတွေ လုပ်ခဲ့ပေမယ့် ဒီဖြစ်ရပ်က သူတို့ အလုပ်သူတို့ လုပ်နေတဲ့ သတင်းထောက်နဲ့ ဘလော့ဂ်ကာတွေကို နိုင်ငံတော် လုံခြုံရေး စွဲချက်တွေနဲ့ အစိုးရကို ဖြုတ်ချဖို့ စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်တဲ့ အမှောင်ဖုံးတဲ့နေ့ရက်ကို ပြန်လည်ရောက်သွားစေပါတယ်” လို့ RSF အဖွဲ့ အာရှပစိဖိတ် အကြီးအကဲ ဘန်ဂျမင် အစ္စမေလ်းက ပြောပါတယ်။

အလားတူ အမေရိကန်အခြေစိုက် သတင်းထောက် အကာအကွယ်ပေးရေး ကော်မတီ (CPJ) ကလည်း အလှူရှင်နိုင်ငံတွေက သံတမန်ရေး အသုံးပြုပြီး မြန်မာအစိုးရကို ဖိအားပေးဖို့နဲ့ စီးပွားရေးအရ အထောက်အပံ့တွေကို ပြန်လည် စဉ်းစားဖို့ ပြောဆိုလိုက်ပါတယ်။

“နိုင်ငံတကာ အသိုင်းအ၀န်းက ဒီပြစ်ဒဏ်ကို အသစ်ပြင်ဆင်ပေးဖို့ အလျင်အမြန် လုပ်ဆောင်ပေးဖို့လိုသလို ဒီလိုမီဒီယာတွေကို မလိုလားတဲ့ အစိုးရရဲ့ ရပ်တည်ချက်က အနာဂတ် စီးပွားရေး အကူအညီတွေကို ထိခိုက်ပျက်စီးစေမယ်ဆိုတာကို စွဲမှတ်သွားအောင် လုပ်သင့်တယ်” လို့ CPJ က အာရှအစီအစဉ် ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘောပ့်ဒိုင်း Bob Dietz က ပြောပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်း စက်ရုံကို လျှို့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အတွက် ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦးနဲ့ ဦးပိုင်သက်ကျော်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုပြီး ပခုက္ကူခရိုင် တရားရုံးက မနေ့ကမှ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013