
စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေး အစိုးရက အဆောတလျင်အကူအညီပေးဖို့ ကနေဒါနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီပေါင်းစုံ လွှတ်တော်အမတ်တွေက ကနေဒါလွှတ်တော်မှာ ဇွန်လ ၂၂ ရက်က ပူးတွဲအဆို တင်သွင်းလိုက်ပါတယ်။
ကနေဒါ အာဏာရလစ်ဘရယ်ပါတီ၊ အတိုက်အခံကွန်ဆာဗေးတစ်ပါတီနဲ့ ဂရင်းပါတီတို့ရဲ့ လွှတ်တော်အမတ်တွေကမြန်မာ့အရေးအတွက် ကနေဒါအစိုးရက အမြန်ဆုံး အကူအညီပေးဖို့ ကနေဒါလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာပါ။
ပြိုင်ဘက်ပါတီအမတ်တွေက ပူးတွဲအဆိုတင်သွင်းခဲ့တာဟာ ကနေဒါလွှတ်တော်အတွက် ထူးခြားချက်ဖြစ်ခဲ့ပြီး စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေပြုလုပ်ဖို့၊ ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ စတဲ့အချက်တွေ အဆိုမှာ ပါဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
"ကနေဒါလွှတ်တော်အမတ်တွေက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးအကူအညီပေးဖို့ အဆိုပူးတွဲတင်ကြတယ်။ အဲ့ဒီမှာ ပိုထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့၊ ဒီမိုကရေစီအင်အားစုတွေကို ထိရောက်တဲ့အကူအညီတွေပေးဖို့၊ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့၊ ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ပဋိပက္ခတွေပြေလည်အောင်အကူအညီတွေပေးဖို့ စတဲ့တောင်းဆိုချက်တွေကို ပါလီမန်မှာ တင်သွင်းတောင်းဆိုခဲ့တယ်။ အာဏာရပါတီနဲ့ အတိုက်အခံပါတီက အမတ်တွေပူးတွဲပြီးတော့ အဆိုတင်သွင်းတယ်ဆိုတာ အင်မတန်ထူးခြားတယ်လို့ပြောချင်ပါတယ်။"
ဇွန်လ ၆ ရက်နေ့က ကနေဒါလွှတ်တော်၊ နိုင်ငံတကာရေးရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ကနေဒါနိုင်ငံက စစ်ကောင်စီအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ကြားနာပွဲပြု လုပ်ခဲ့ပြီး NUG သမ္မတရုံးတာဝန်ရှိသူဦးကျော်ဇော်ကို ပါဝင်ဆွေးနွေးဖို့ဖိတ်ကြား ခဲ့ပါတယ်။
ကြားနာပွဲမှာ စစ်ကောင်စီကို ပိတ်ဆို့အရေးယူရာမှာ ဘယ်နေရာမှာ အားသာချက် အားနည်းချက်ရှိတယ်၊ ဘယ်အချက်တွေပိုပြီးဆောင်ရွက်သင့်တယ်ဆိုတာတွေကို ကြားနာခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို အပြန်အလှန်မေးမြန်းခဲ့ကြတာတွေ့ရပါတယ်။
ဇွန်လ ၁၉ရက်နေ့မှာတော့ ကနေဒါလွှတ်တော် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ လွှတ်တော်အမတ် ဆမီးယားဆူဗာရီက အခမ်းအနားမှူးအဖြစ်ဦးဆောင်ပြီး Parliamentary Friends of a Democratic Burma နဲ့ The Parliamentary Centre တို့ကစီစဉ်တဲ့ Canada’s Leadership Role in Ending Rohingya Crisis ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာလည်း NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်ကို ဦးဆောင်ဆွေးနွေးသူတစ်ဦးအဖြစ်ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က "ကနေဒါပါလီမန်မှာ ကြားနာပွဲတွေလုပ်တယ်။ ဆွေးနွေးပွဲတွေလုပ်တယ်။ ပါလီမန်ထဲမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ပါတီပေါင်းစုံကအဆို တင်သွင်းတယ်ဆိုတာ ဒီ နှစ်ပတ်အတွင်းမှာဖြစ်ခဲ့တာပေါ့။ ထူးခြားတဲ့ဖြစ်စဉ်တွေပေါ့။ ဘာထူးခြားတာလဲဆိုတော့ ကနေဒါမှာပါလီမန်က ဒီနေ့ကစပြီးတော့ နွေရာသီမှာ သူတို့က သူတို့မဲဆန္ဒနယ်တွေအကုန်ပြန်ကြပြီးတော့ မဲဆန္ဒရှင်တွေနဲ့တွေ့ကြတယ်။ နွေရာသီ ပါလီမန် နားရက် နှစ်လမတိုင်ခင်မှာ ဒီ နှစ်ပတ်အတွင်းမှာ အားလုံးလုပ်သွားတယ်ဆိုတာ တက်တက်ကြွကြွဖြစ်စဉ်တစ်ခုဆိုတာ သုံးသပ်ပြောကြားချင်ပါတယ်ခင်ဗျ။"
ကနေဒါလွှတ်တော်ရဲ့ မြန်မာ့အရေးဆွေးနွေးချက်တွေထဲမှာ ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေဟာ အရေးပါတဲ့နေရာမှာပါဝင်နေတာကိုတွေ့ရပါတယ်။
ကနေဒါနိုင်ငံကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ရိုဟင်ဂျာအရေးဟာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်ဖြစ်ပေါ်ခဲ့တာလို့သုံးသပ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကနေဒါအစိုးရက အသိအမှတ်ပြုကူညီပေးဖို့ တိုက်တွန်းတောင်းဆိုတာတွေရှိခဲ့ပါတယ်။










