
မိုခါမုန်တိုင်းအပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် သေလာဂီရိမောရပဗ္ဗတတောင် (ကျောက်တော်တောင်) မှာနေထိုင်တဲ့ မျောက်တွေဟာ ကစ္ဆပနဒီ တံတားပေါ်အထိ အစာလိုက်တောင်းနေရတယ်လို့ ဘုရားဂေါပကထံက သိရပါတယ်။
တောင်ခြေကနေ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်က ကစ္ဆပနဒီတံတားပေါ်အထိ ဆင်းပြီး မျောက်တွေဟာ အစာရေစာ လိုက်တောင်းနေတာကြောင့် လမ်းမပေါ် ကားတိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
အရင်က မျောက်တွေဟာ ကျောက်တော်တောင်က တောတွင်းမှာ သဘာဝကိုမှီတည် နေထိုင်ကြတာဖြစ်ပြီး သစ်တောပြုန်းတီးမှုတွေကြောင့် လွန်ခဲ့တဲ့ အနှစ် ၃၀ ကတည်းက ဘုရားဖူးခရီးသွားတွေ ကျွေးမွေးတဲ့အစာတွေကို စားသောက်နေရတာပါ။
ကျောက်တော်တောင် ဂေါပကအဖွဲ့ဝင်တဦးက “ပုံမှန်ဆို တောင်ပေါ်က ဘုရားဖူးနဲ့ မျောက်စာကျွေးတဲ့သူနဲ့ အတော်စည်ကားတော့ မျောက်တွေလည်း ဝဝလင်လင် စားရတာပေါ့။ မိုခါမုန်တိုင်းအပြီးမှာ ဘုရားဖူးက မရှိသလောက်ဖြစ်သွားတော့ မျောက်တွေလည်း အစာရှားကုန်ကြတာ။ နေ့စဉ် ဆွမ်းကျန်တွေလာကျွေးတဲ့ ဆရာတော်တပါး ရှိပါတယ်။ တခြားကျောင်းတိုက်တွေကလည်း ဆွမ်းကျန်တွေ အခုလို လာကျွေးကြရင် သူတို့ ပိုစားရမှာပေါ့” လို့ ပြောပါတယ်။
ကျောက်တော်တောင်ပေါ်မှာ နေထိုင်ကျက်စားနေတဲ့ မျောက်အကောင်ရေ ၁,၀၀၀ ကျော်ရှိပြီး ကိုဗစ်ရောဂါကာလအတွင်း အစာရေစာရှားပါးမှု ကြုံခဲ့ရတယ်လို့ သိရပါတယ်။










