DVB Logo
Home
မြန်မာသတင်း
တရုတ်ပိုင် တကောင်းတောင်နီကယ်စီမံကိန်း လည်ပတ်နိုင်ရန် စစ်တပ်က လုံခြုံရေးပေး
DVB
·
June 23, 2023
တရုတ်ပိုင် တကောင်းတောင်နီကယ်စီမံကိန်း လည်ပတ်နိုင်ရန် စစ်တပ်က လုံခြုံရေးပေး
Donate to DVB

နှစ်စဉ် နီကယ်တန်ချိန် ၈ သောင်းခွဲထွက်တဲ့ တရုတ်ကုမ္ပဏီပိုင် တကောင်းတောင် နီကယ်စီမံကိန်း ပုံမှန်လည်ပတ်နိုင်အောင် စစ်ကောင်စီက တပ်သားအင်အားရာချီ အသုံးပြုပြီး လုံခြုံရေးပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ တကောင်းတောင်နီကယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကစပြီး အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining ကုမ္ပဏီတို့ အကျိုးအမြတ် ခွဲဝေခံစားတဲ့စနစ်နဲ့ စတင်လုပ်ကိုင်ခဲ့တာပါ။

အာဏာသိမ်းမှုအပြီး စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာချိန် ၂၀၂၂ ဇန်နဝါရီ ၇ ရက်က တကောင်းနီကယ်စီမံကိန်းစက်ရုံကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ တာဝါတိုင်သုံးတိုင်ကို ဒေသခံ PDF တွေက မိုင်းခွဲတိုက်ခိုက်ခံခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်ပြီး လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တရုတ်သံရုံးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေကို ဆက်သွယ်တာတွေ ပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက စီမံကိန်းအနီးမှာ ပစ်ခတ်ဖောက်ခွဲတာတွေ မလုပ်ဖို့ ဒေသတွင်း PDF တွေကို တားမြစ်ခဲ့ပါတယ်။  လတ်တလောမှာ တကောင်းနီကယ်စီမံကိန်းဟာ ပုံမှန်လည်ပတ်နေပြီး လုံခြုံရေးအတွက် စစ်ကောင်စီက တပ်သားအင်အားရာနဲ့ချီ အသုံးပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်ဒေသခံတဦးက “နီကယ်စက်ရုံက လည်ပတ်နေတာပါ။ အဲဒီထဲမှာတော့ အင်အား ရာကျော်ကတော့ အမြဲတမ်းရှိတယ်။ တော်လှန်ရေးအဖွဲ့တွေကတော့ အရင်တခါတုန်းက ဓာတ်တိုင်မိုင်းခွဲလို့ဆိုပြီး မီးပျက်သွားသေးတယ်။ အဲဒီဘက်မှာ သူတို့ ဝန်ကြီးဌာနနဲ့ ဘယ်လိုညှိထားလဲတော့ မသိဘူး။ အဲဒီနားမှာ မိုင်းခွဲသံ သေနတ်ဖောက်သံတောင် မကြားရတော့ဘူးဆိုပြီး တားမြစ်ချက်မျိုး ထွက်လာတာရှိတယ်။ အဲဒီဘက်က သူတို့စိုးမိုးတဲ့နယ်မြေလို့ ပြောလို့ရတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်တခုရလို့ သူတို့ အဲဒီလို တားတာပေါ့လေ။ ကန့်သတ်ထားတာရှိတော့ အဲဒီဘက်မှာတော့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားတာတော့ နည်းတယ်။ နည်းလို့လည်း အဲဒီနားတဝိုက်က (--)က သူတို့နယ်မြေလို ဖြစ်နေတာပေါ့။ ကချင်ကကျတော့ တရုတ်ရဲ့ဩဇာ လွတ်ကင်းတာမှ မဟုတ်တာကိုးဗျ။ မြောက်ပိုင်းက တော်လှန်ရေးအင်အားစုကလည်း ကချင်နဲ့ ဆက်သွယ်နေတယ်ဆိုတော့ အကျိုးဆက်တွေကတော့ ရှိမှာပေါ့၊ ချိတ်ဆက်မှုတွေပေါ့လေ။ (--)ကလည်း ကျနော်တို့ စိုးမိုးတဲ့နေရာကို မလာတော့ဘူး။ ကျနော်တို့ကလည်း (--)ရှိတဲ့နေရာကို မသွားဘူးဆိုတော့ အားမရစရာ ဖြစ်တာပေါ့။ တကယ်တမ်းဆို သူတို့မလာရင် ကိုယ့်ဘက်က သွားပြီးမှ ပြောက်ကျားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သွားတိုက်သင့်တာပေါ့” လို့ ပြောပါတယ်။

မေလဆန်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ဟာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင် ရပ်တည်တဲ့သဘော သက်ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် တကောင်းနီကယ်စီမံကိန်းဟာ လတ်တလောမှာ PDF တွေရဲ့ ပစ်မှတ်ထားချင်စရာ ဖြစ်လာသလို စစ်ကောင်စီဘက်ကလည်း အင်အားသုံးကာကွယ်ဖို့ ပြင်ဆင်တာတွေ ရှိလာတာပါ။

တကောင်း နီကယ်စီမံကိန်းကို တရုတ်အစိုးရပိုင် China Nonferrous Metal Mining က လုပ်ကိုင်နေတာဖြစ်ပြီး ဒေါ်လာ သန်း ၈၀၀ တန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား ဦးစိုးဝင်းဆွေက “စစ်ကိုင်းတိုင်းမှာ တရုတ်ရဲ့စီမံကိန်းတွေ ဘာတွေရှိလဲဆိုတော့ သိသာထင်ရှားတာက လက်ပံတောင်းက ဝမ်ပေါင်စီမံကိန်းရယ်၊ ယန်ဇီပေါ့။ ကြေးနီသတ္တုတူးဖော်တဲ့ တရုတ်ကုမ္ပဏီတွေ ရှိတယ်။ စစ်ကိုင်းအထက်ပိုင်းမှာ နီကယ်တူးဖော်တဲ့ တကောင်းနီကယ်ရှိမယ်။ ပင်လယ်ဘူး-ကျွန်းလှဘက်က လင်းနို့ချေးထုတ်တဲ့ ကုမ္ပဏီတွေကလည်း တရုတ်ကုမ္ပဏီတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သဘာဝသယံဇာတ တူးဖော်တဲ့ လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီတွေ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နေကြတာတွေ ရှိတယ်။ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်နည်းလမ်းအားဖြင့်ဆိုရင် စစ်ကိုင်းတိုင်းရဲ့ အကြီးမားဆုံးသော နိုင်ငံခြားကုန်သွယ်ဘက်တွေထဲမှာ တရုတ်နိုင်ငံ ပါမယ်ဗျ။ စစ်ကိုင်းတိုင်းကထွက်တဲ့ ကောက်ပဲသီးနှံတွေကစလို့ သဘာဝသယံဇာတအဆုံးပေါ့။ တရုတ်ဘက်ကို တင်ပို့ရောင်းချမှု ပမာဏတော်တော်များများ ရှိတာကို တွေ့ရတယ်ဗျာ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ ကောလင်း၊ ထီးချိုင့်ဒေသတွေကထွက်တဲ့ သစ်တွေကို ဧရာဝတီမြစ်ရိုးကတဆင့် အထက်ကိုဆန်တက်ပြီး တရုတ်ပြည်ကို မှောင်ခိုတင်သွင်းတဲ့ လမ်းကြောင်းမှာလည်း ဒေသခံ လက်နက်ကိုင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စီးပွားရေးသမားတွေအကြား မကြေလည်မှုတွေ ရှိနေပါတယ်။

မြန်မာ့နိုင်ငံရေး ဆိုးရွားနေချိန်မှာ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ရပ်ဆိုင်းမခံတဲ့အပြင် ပိုပြီးအမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီက ပြောပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်  ဦးခန့်ဝေဖြိုးက “ပြည်သူ ပြည်သူချင်း ပေါက်ဖော်ဆက်ဆံရေး၊ နောက်တခုက တရုတ်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားတွေကို ကာကွယ်ချင်တယ်ဆိုရင် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှပဲ မြန်မာပြည်သူလူထုကို ကူညီရာ ရောက်မယ်ပေါ့ဗျာ။ တရုတ်နိုင်ငံက လက်ရှိလုပ်နေတဲ့ စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေါ့ဗျာ၊ စစ်တပ်ရဲ့ ထောက်လှမ်းရေးစနစ် အားကောင်းအောင် တရုတ်က ကူညီတာတွေက၊ စစ်ရာဇဝတ်ကောင်တွေဘက်ကိုပဲ တရုတ်က နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်နေမယ် ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းထဲမှာရှိတဲ့ အကျိုးစီးပွားတွေအပေါ်မှာ မြန်မာပြည်သူလူထုက တန်ပြန်တုံ့ပြန်နိုင်တဲ့ အလားအလာရှိတယ် ဆိုတာတော့ ကျနော်တို့တော့ မြင်နေတယ်ဗျ” လို့ ပြောပါတယ်။

ဇွန် ၉ ရက်ကနေ လက်ရှိအချိန်အထိ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာတွေကို စစ်ကောင်စီက အင်အားသုံးထိန်းချုပ်နေသလို ဇွန် ၁၀ ရက်က စီမံကိန်းအနီး ညောင်ပင်ကြီးရဲစခန်းကို PDF တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ အလုပ်ပြန်လုပ်ဖို့ ဒေသခံကျွမ်းကျင် လုပ်သားဟောင်းတွေကို အရင်လစာထက် ၂ ဆ၊ ၃ ဆ ပိုပေးပြီး ကုမ္ပဏီက ပြန်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းဒေသတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ကုမ္ပဏီတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ နာမည်ခံထားပေမဲ့ ကုမ္ပဏီတွေရဲ့ ဇာစ်မြစ်တွေအရ တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတူးဖော်တဲ့ စီမံကိန်းအသွင်ဆောင်နေတယ်လို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။ 

Publish What You Pay Australia က ၂၀၂၂ မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ စစ်ကောင်စီဟာ နိုင်ငံတဝန်း တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေကနေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇၂၅ သန်းအထိ အကျိုးအမြတ် ရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013