
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ပြီးခဲ့တဲ့ မတ်လက ထုတ်ပယ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဇွန် ၈ ရက်က မြို့နယ် ပကဖရဲဘော်တွေ ဖမ်းဆီးပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံ ပို့ဆောင်ခဲ့တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဇွန် ၈ ရက်က ဖမ်းလိုက်တာ၊ ဒီမှာရှိတဲ့ စစ်တပ်က စစ်ကြောင်းမှူးနဲ့ အတူရှိနေတာ တွေ့တယ်။ အဓိကကတော့ စစ်ကောင်စီနဲ့ပေါင်းပြီး တော်လှန်ရေးရဲဘော်တွေကို လက်နက်ချခိုင်းတယ်ဗျ။ ဒါ လက်ခံနိုင်စရာမရှိဘူး” လို့ ပြောပါတယ်။
ဦးဝင်းမြင့်အောင်ဟာ စစ်ကောင်စီထံ အညံ့ခံကာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှာ ရှစ်လခွဲကြာ သွားရောက်ခိုလှုံ နေထိုင်ခဲ့သူဖြစ်ပြီး ဒီပဲယင်း-ရွှေဘိုလမ်းပိုင်းမှာ ပကဖရဲဘော်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပေမဲ့ ဒီကိစ္စ ဦးဝင်းမြင့်အောင်ဘက်ကိုတော့ မေးမြန်းလို့မရသေးပါဘူး။
ဖမ်းဆီးထားသူ ဦးဝင်းမြင့်အောင်ဟာ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ်တွေမှာ NLD ပါတီကနေ ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
NLD ပါတီ ဗဟိုကော်မတီက ၂၀၂၃ ခုနှစ် မတ် ၃ ရက်က ဦးဖြိုးမင်းသိန်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်နဲ့ ဒေါ်စန္ဒာမင်းတို့ ၄ ဦးကို ပါတီမှထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။
ဦးဝင်းမြင့်အောင်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ ပြန်လွတ်လာသူလည်း ဖြစ်ပါတယ်။