DVB Logo
Home
မြန်မာသတင်း
ပြည်ပြေးများ နိုင်ငံနှင့် ပြည်သူကို ပြန်မကြည့်ဟု စစ်ကောင်စီဝန်ကြီးပြော
DVB
·
June 23, 2023
ပြည်ပြေးများ နိုင်ငံနှင့် ပြည်သူကို ပြန်မကြည့်ဟု စစ်ကောင်စီဝန်ကြီးပြော
Donate to DVB

DVB

ပြည်ပြေးတွေဟာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေကြပြီး   နိုင်ငံနဲ့ ပြည်သူကို ပြန်မကြည့်ကြဘူးလို့ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၉ ရက်က  ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပတဲ့  မြန်မာအရေးဆိုင်ရာအလွတ်သဘော အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့  စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဥပဒေကြောင်းအရ ရင်မဆိုင်ဘဲ ပြည်ပထွက်ပြေးပြီး NUG ဖွဲ့လို့ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေခြင်းသာဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၃၀ ကလည်း အလားတူ NCGUB ယှဉ်ပြိုင် အစိုးရအဖွဲ့ရှိခဲ့ကြောင်း၊ ဒီမိုကရေစီရရေး အကြောင်းပြပြီး နိုင်ငံတကာ အကူအညီများစွာ ရယူခဲ့ပေမဲ့ တကယ်တမ်းမြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ နှစ်ဆက်ကာလမှာ  NLD အာဏာရစဉ်မှာပင် တစ်ယောက်မှပြန်မလာကြကြောင်း၊ ပြည်ပြေးအားလုံးလိုလို နိုင်ငံကြီးတွေမှာ ဒုက္ခသည်နိုင်ငံရေးခိုလှုံခွင့်အဆင့်မှ နိုင်ငံသားဖြစ်ဖို့ ကြိုးစားပြီး နိုင်ငံကြီးတွေမှာ ချမ်းသာစွာနေထိုင်နေကြပြီး နိုင်ငံနဲ့ ပြည်သူကိုပြန်မကြည့်ကြကြောင်း စစ်ကောင်စီဝန်ကြီးက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုအကြိမ် ၅၀၀၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ လက်ရှိစစ်ကောင်စီလက်ထက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ‌တွေ တွေ့ဆုံဆွေးနွေးမှု ၁၀၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာတွေဟာ အသက်ကို အလွန်တန်ဖိုးထားပြီး အစွန်းရောက်သူ အလွန်နည်းပါးပါကြောင်း၊ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်ကစပြီး  ၇၅ နှစ်ကျော်လက်နက်ကိုင် တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အာဆီယံ ၁၀  နိုင်ငံရဲ့ သေဆုံးမှုနဲ့ နှိုင်းယှဉ်လျှင် ၃  ရာခိုင်နှုန်းအောက်မှာပဲရှိတယ်လို့ ဆိုပါတယ်။

EAO တိုင်းရင်းသားလက်နက်ကိုင်တွေဟာလည်း အဓိကအားဖြင့် နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူမှောင်ခိုမှုကဲ့သို့ တရားမဝင် လုပ်ငန်းတွေက ရတဲ့  အကျိုးအမြတ်တွေကို မစွန့်လွှတ်လိုကြလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝမပါဝင်ကြသလို ရွေးကောက်ပွဲ (၃)ကြိမ်စလုံး မပါဝင်ခဲ့ကြကြောင်းနဲ့ EAO အများစုဟာ အမြတ်အစွန်းအလွန်ကြီးမားတဲ့ မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်လို့ အချိန်ဆွဲနေခြင်းသာဖြစ်တယ်လို့လည်း စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

ဒီအစည်းအဝေးမှာ အိမ်ရှင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်ဝီနိုင်နဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှ အဆင့်နိမ့် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ဆုံးဖြတ်ချက်တော့ ဘာတခုမှ မရခဲ့ပါဘူး။

အစည်းအဝေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅  ရပ်ကို အကောင်အထည်ဖော်ဖို့ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲရေးကိစ္စ၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေစတင်နိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒီအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် မလေးရှား၊ စင်ကာပူ စတဲ့ အဓိက နိုင်ငံတွေက ကိုယ်စားလှယ်တွေကတော့ တက်ရောက်ခဲ့တာမရှိပါဘူး။ ထိုင်းနိုင်ငံက အခုလို မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဖိတ်ခေါ်ပြီး အစည်းအဝေးကျင်းပတာဟာ အာဆီယံနိုင်ငံတွေရဲ့ သဘောတူညီချက်ကို ချိုးဖောက်မှုဖြစ်တယ်လို့ အင်ဒိုနီးရှားက ဝေဖန်ထားပါတယ်။

PHOTO-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013