DVB Logo
Home
မြန်မာသတင်း
တပ်မဟာ ၆ နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်၊ စစ်ရှောင် ၂၂,၀၀၀ ကျော်ရှိလာ
DVB
·
June 23, 2023
တပ်မဟာ ၆ နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်၊ စစ်ရှောင် ၂၂,၀၀၀ ကျော်ရှိလာ
Donate to DVB

ပြီးခဲ့တဲ့ မေ ၁ လတာအတွင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေဘက်က ၄၆ ယောက် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေနဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ ၁ ယောက် ကျဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်တွေဘက်ကတော့ အယောက် ၄၀ ထိခိုက်ဒဏ်ရာရပြီး စစ်သုံ့ပန်းအဖြစ် ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အပြစ်မဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁၀၂ ကြိမ်လောက်ထိ ကျူးလွန်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ဒူးပလာယာခရိုင်အတွင်း ၈ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ယောက် ဒဏ်ရာရခဲ့ပြီး ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ပြည်သူ့နေအိမ် ၂၂ လုံး အပါအဝင် ပြည်သူပိုင်ပစ္စည်းတွေ ထိခိုက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒူးပလာယာခရိုင် Committee for Internally Displaced Karen People - CIDKP  လစဥ် စာရင်းကောက်ယူချက်အရ မေလအတွင်း ဒူးပလာယာခရိုင်ထဲမှာ စစ်ဘေးရှောင်ဦးရေ ၂၂,၅၂၃ ယောက် ရှိနေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ မိုးတွင်းကာလ ဖြစ်နေတာကြောင့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေနဲ့ ကုသမှုတွေ လုံလုံလောက်လောက် မရှိတာတွေ စတဲ့ အခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတဝန်းမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013