
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဇွန် ၂၁ ရက် ည ၁၀ နာရီလောက်က အိမ်စီးကား ၁ စီး ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင် ဒေသခံတဦးက “ချယ်ရီလမ်း ၁ လမ်းထဲမှာ လူ ၄ ယောက်၊ ၅ ယောက်လောက်က စောင့်ပြီး ပစ်သွားတာပါ။ ကားပေါ်ကပါတဲ့ ပိုက်ဆံတွေ ဖုန်းတွေ ယူသွားတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ကားဟာ Honda Fit ကား အဖြူရောင်ဖြစ်ပြီး ကားပေါ်က အမျိုးသားကတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ကားပေါ်ပါလာတဲ့ ကလေး ၁ ယောက်ကတော့ လက်မှာ ထိခိုက်ဒဏ်ရာ ရသွားလို့ ဆေးရုံရောက်သွားပြီလို့ ဆိုပါတယ်။
နောက်ထပ်ဒေသခံတဦးကတော့ “ဦးလေးကြီးက သေသွားပြီ။ ကလေးက သွေးတွေပဲပေတာ။ သူ့အဖေလားမသိဘူး။ KBZ နားလို့ ပြောတယ်ဗျ။ ကျနော်က ဆေးရုံမှာတွေ့လာတာ။ ရဲတွေမေးနေတာ” လို့ ပြောပါတယ်။
မူဆယ်မှာတော့ ညဘက်တွေ မထွက်တာ အကောင်းဆုံးပဲလို့ ဒေသခံ အမျိုးသမီး ၁ ဦးကလည်း ပြောပါတယ်။
လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တချို့မှာ လက်နက်ကိုင်တွေရဲ့ အမည်အလွဲသုံးစား လုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက် ဓားပြတိုက်တာတွေ ကြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မှာ လုံခြုံမှုမရှိတော့သလို နေချင်စရာလည်း မကောင်းတော့ဘဲ သက်ဆိုင်ရာကလည်း ပြည်သူတွေအတွက် လုံခြုံရေး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် တရားခံကို ဖမ်းမိခြင်းမရှိဘူးလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း မူဆယ်မြို့ စက်မှုဘက်က ခေါက်ဆွဲဆိုင် ၁ ဆိုင်မှာ မန်ဂျယ် ပြည်သူ့စစ် ၁ ဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့ပေါ်မှာ မကြာခဏ သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်တာတွေ၊ ခြိမ်းခြောက်ဓားပြတိုက်တာတွေ၊ ခိုးမှုတွေ၊ လိမ်လည်မှုတွေ ပိုမိုဖြစ်လာနေတဲ့အပြင် ပိုင်ရှင်မဲ့ အလောင်းတွေလည်း မကြာခဏ တွေ့နေရတာဖြစ်ပါတယ်။










