DVB Logo
Home
မြန်မာသတင်း
ရှမ်းဒုက္ခသည်ဦးရေ ထပ်တိုး၊ စောင်နှင့် အ၀တ်အထည်များလိုအပ်
DVB
·
July 11, 2014
ရှမ်းဒုက္ခသည်ဦးရေ ထပ်တိုး၊ စောင်နှင့် အ၀တ်အထည်များလိုအပ်
Donate to DVB

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ထိန်းချုပ်နယ်မြေ ကျေးသီးမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်ဦးရေ ထပ်တိုးလာတယ်လို့ သွားရောက်ကူညီသူတွေက ပြောပါတယ်။

ကျေးသီးမြို့မြောက်ဘက် ၁၅ မိုင်အကွာ ပန်စဲ့၊ လွယ်ရွဲ၊ ဖာဆောင်၊ ငူးလိုမ် စတဲ့ ရွာတွေက ရွာသားတွေဟာ ဘေးလွတ်ရာ ၀မ်ဝပ်ဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင် ၄ ရက်နေ့ကတည်းက ၀င်ရောက် ခိုလှုံနေကြတာပါ။

[caption id="attachment_60034" align="alignright" width="300"]ရှမ်း ၀န်ဝပ် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ (ဓာတ်ပုံ - SSPP) ရှမ်း ၀န်ဝပ် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ (ဓာတ်ပုံ - SSPP)[/caption]ရောက်ခါစက ကိုရင်၊ ဦးဇင်းတွေအပါအ၀င် လူပေါင်း ၁၀၀ ကျော်သာရှိပေမယ့် မနေ့ညနေအထိ လူပေါင်း ၂၀၀ ကျော်သွားပြီလို့ သူတို့ကို အစားအစာတချို့ သွားရောက်ကူညီခဲ့သူ ကျေးသီးဒေသခံတဦးက ပြောပြပါတယ်။

“မနေ့က နောက်တခေါက်ဆန်သွားလှူတာ လူပိုများလာတာ တွေ့ရပါတယ်။ ၂၀၀ တော့ ကျော်မယ်။ နောက်ထပ်လာတဲ့ လူတွေက အရင်က တောင်ယာထဲ သွားနေနေတာတဲ့။ အများစုက ကလေးတွေ အဘိုးကြီး၊ အဘွားကြီးတွေ၊ လွယ်ရွဲနဲ့ ဖာဆောင်ကျောင်းတိုက်က ဦးဇင်းနဲ့ ကိုရင်တွေပါ ပါပါတယ်။ သူတို့ကို ရှမ်းပါတီတွေကရော လူမှုအဖွဲ့အစည်းတချို့ကပါ ဆန်နဲ့ စားစရာတွေ လာလှူထားတဲ့အတွက် စားစရာတော့ ရှိနေပါတယ်။ ဒါပေမယ့် အများစုက အိပ်ရာလိပ်တွေလည်းမပါ။ အ၀တ်တထည် ကိုယ်တခုပဲလာကြတော့ ခြင်ထောင်လည်း မရှိဘူး။ စောင်လည်း မလောက်ဘဲ ဇရပ်မှာ ဖြစ်သလိုအိပ်နေကြတယ်။”

ကျေးသီးလူငယ်အဖွဲ့ဝင် တဦးကတော့ မနေ့က သူတို့မေးမြန်းကြည့်ရာမှာ ကလေး နဲ့ လူကြီး ၅ ဦးလောက် ၀မ်းလျှောနေပြီး ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဖြည့်စွက်ပြောပြပါတယ်။

ရွာသားတွေရဲ့ ပြောပြချက်အရ စစ်တပ်က အဲဒီဒေသတ၀ိုက်မှာ ရှိနေသရွေ့ မပြန်ရဲသေးကြောင်း၊ စစ်တပ်က ခေါ်ယူမေးမြန်းပြီး မသင်္ကာရင် ရိုက်နှက်ဖမ်းချုပ်ခံရမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ဖာဆောင်ရွာမှာ အစိုးရတပ်က လှမ်းခေါ်တာ မကြားတဲ့ ရွာသားတဦးကို မထီမဲ့မြင် လုပ်တယ်ဆိုပြီး စစ်သားတွေက ခြေတောက်နဲ့ ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ ကျေးသီးဒေသခံက ပြောပါတယ်။

ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းမရှိပေမယ့် ပြီးခဲ့တဲ့ ဇွန်လကတော့ အဲဒီကျေးရွာအုပ်စုထဲမှာရှိတဲ့ ဖာဆောင်တံတားနားက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ စခန်းတခုကို ဖယ်ပေးဖို့ ခလရ ၂၄၇ တပ်ရင်းမှူးက ညွှန်ကြားခဲ့ပြီး ရှမ်းတပ်ဘက်ကလည်း သူတို့စခန်းကို အကြောင်းမဲ့ ဖယ်မပေးနိုင်တာကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စ၀်ခွန်ဆိုင်က ပြောပါတယ်။

“ဖာဆောင် တံတားရဲ့ တောင်ဘက်ကနေပြီးတော့ မြောက်ဘက်ကို အကုန်လုံး ပြောင်းခိုင်းတယ်။ ကျနော်တို့ အဲဒီမှာ နေတာ ကြာလှပြီ။ ခလ ၂၄၇ က ရောက်လာပြီး ၂၀၁၄ ခုနှစ်မှာ ကျနော်တို့ ခြိမ်းခြောက်ဟိန်းဟောက်ပြီး ဒီကနေ ဆုတ်ရမယ်၊ မြောက်ဘက်မှာ သွားနေပါ၊ တောင်ဘက်မှာ မနေပါနဲ့လို့ ပြောတယ်။ ဒါကမဟုတ်ဘူးလေ၊ အကျိုးကြောင်းမဲ့ ပြောတာ။ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ နေ့မှာ ကျနော်တို့ကို တိုက်တယ်။”

အဲဒီနောက် ဇွန်လ ၂၇ ရက်နေ့မှာလည်း ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အစိုးရတပ်ဘက်က စစ်အင်အား ထပ်ဖြည့်လာရာမှာ ရွာသားတွေက ထိတ်လန့်ကြောက်ရွံ့ပြီး တိမ်းရှောင်နေတာလို့ စ၀်ခွန်ဆိုင်က ဆက်ပြောပါတယ်။

ဒီပြဿ နာတွေ ဖြေရှင်းဖို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ကိုယ်စားလှယ်တွေဟာ ဇူလိုင် ၈ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်နောင် ပစ်ခတ်မှု မရှိရေး နှစ်ဘက်လုံး ညှိနှိုင်းထိန်းသိမ်းသွားဖို့ ပြောဆိုခဲ့ကြပါတယ်။
ဒါပေမယ့် တစုံတရာ ထူးခြားမှုမရှိသေးသလို အစိုးရတပ်တွေလည်း နောက်မဆုတ်သေးတဲ့အတွက် အချိန်မရွေးထိတွေ့မှုတွေ ပြန်ရှိနိုင်တယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013