DVB Logo
Home
Lead Story
ယူနတီသတင်းသမားတွေအပေါ် ချမှတ်တဲ့ ပြစ်ဒဏ် ပြင်းထန်လွန်းတယ် (သုံးသပ်ချက်)
DVB
·
July 10, 2014
ယူနတီသတင်းသမားတွေအပေါ် ချမှတ်တဲ့ ပြစ်ဒဏ် ပြင်းထန်လွန်းတယ် (သုံးသပ်ချက်)
Donate to DVB

လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်တွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

Front-Photoဇူလိုင် ၁၀ ရက်နေ့က ပခုက္ကူခရိုင် တရားရုံးမှာ ယူနတီဂျာနယ်က ဦးတင့်ဆန်းပါ ၅ ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အခုလို စီရင်ချက်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က မန္တလေး ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာမှာ ဆူဆူပူပူဖြစ်အောင် ရေးသားတင်ဆက်တဲ့ မီဒီယာတွေကို အရေးယူမယ်လို့ ထည့်သွင်းပြော ဆိုခဲ့ပြီး ရက်ပိုင်းအတွင်း သတင်းသမားတွေကို အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်အရေးယူလိုက်တာဖြစ်ပါတယ်။

ရန်ကုန်မြို့က တရားရုံးချုပ်ရှေနေကြီး ဦးကိုနီက ယူနတီသတင်းသမားတွေကို ချမှတ်လိုက်တဲ့ ဥပဒေနဲ့ ပြစ်မှုပြစ်ဒဏ် ပြင်းထန်လွန်းတယ်လို့ သုံးသပ်ပြောပါတယ်။

“ကျနော့်အမြင်တော့ ပထမဦးဆုံးဖြစ်တဲ့ကိစ္စမှာ တကယ်ပြစ်မှု ကျူးလွန်တယ်ဆိုရင်တောင် လျော့လျော့ပေါ့ပေါ့ စဉ်းစားဖို့ ကောင်းတယ်ဗျ။ ပြီးတော့ ဒါကလည်း စာနယ်ဇင်းသမားတွေ ဖြစ်နေတဲ့အပြင် ဒီဟာကလည်း တကယ် လျှို့ဝှက်ဥပဒေနဲ့ ငြိစွန်းတဲ့ အဆောက်အအုံ လုပ်ငန်း စသဖြင့် ဒါလည်းပဲ အခုမှ ကျနော်တို့လည်း သိရတယ်။ ကျန်တဲ့လူတွေလည်း မသိကြပါဘူး။ နည်းနည်းလေး ပြစ်ဒဏ်ပြင်းထန်လွန်းတယ်လို့ သုံးသပ်ချင်တယ်။ ၁၀ နှစ်က အများဆုံးပဲ။ တပ်မတော်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်အထိ ချလို့ရတယ်။”

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီအနေနဲ့ ယူနတီဂျာနယ်သတင်းသမားတွေ အရေးနဲ့ ပတ်သက်ပြီး နားလည်မှုပေးပြီး သက်သက်ညှာညှာ စဉ်းစားပေးဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နာယက ၂ယောက်နဲ့ စစ်တပ်ဦးစီးချုပ်တို့ထံ ၂ ကြိမ်တိုင် စာရေးသားပေးပို့ မေတ္တာရပ်ခဲ့တယ်လို့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

အစိုးရက လက်ရှိ မီဒီယာအဖွဲ့အစည်းတွေကို ဒီလိုအဖြစ်မျိုး အချိန်မရွေး ဖြစ်သွားနိုင်ကြောင်း ဖော်ပြလိုက်တာပဲလို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံတခုရဲ့ အုတ်မြစ် ခိုင်မာအောင် သွားတဲ့အခါမှာ စတုတ္ထမဏ္ဍိုင် အပေါ်မှာ ပေးတဲ့ လွတ်လပ်ခွင့်ဟာ တကယ်ခိုင်မှာတဲ့ လွတ်လပ်ခွင့် ဟုတ်မဟုတ် ဆိုတာ အများကြီး စိုးရိမ်ပူပန်စရာတွေ ရှိလာပါတယ်။ နောက်တခုက အခု လက်ရှိ ထုတ်ဝေနေတဲ့ ဂျာနယ်တွေ နေ့စဉ်သတင်းစာတွေ အွန်လိုင်း မီဒီယာတွေ ရုပ်သံလွှင့်မီဒီယာတွေ အဲဒါတွေအားလုံးဟာလည်း အခုလက်ရှိမှာ အစိုးရရဲ့ အရေးယူမှုတွေကို အချိန်မရွေး ရင်ဆိုင်ရနိုင်တယ်ဆိုတာ ပေါ်ပေါက်လာတယ်။ ဒါက ဘာကို ပြလဲဆိုတော့ မီဒီယာလွတ်လပ်ခွင့်ကို အစွန်းကုန်အထိ ပေးထားလို့မရဘူး။ တိုင်းပြည်နဲ့ ပေါ်လစီနဲ့ နိုင်ငံရေးကို ထိရင်တော့ ငါတို့ဘက်က သည်းမခံဘူးဆိုတဲ့ဟာမျိုးလို့ ကျနော်ယူဆပါတယ်။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက အစိုးရဲ့ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ ဘူးသီးနုနုကို အမွေးသတ်တာပဲလို့ မှတ်ချက်ပေး ပြောပါတယ်။

“ထောင် ၁၀ နှစ်အထိ ချတယ်ဆိုတဲ့ ကိစ္စကတော့ သိပ်ကို ပြင်းထန်လွန်းတယ်လို့ ကျနော် ပြောချင်တယ်။ သမ္မတကြီး ပြောတဲ့ မိန့်ခွန်းကို ကျနော်ဖတ်ရပါတယ်။ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿ နာက ကျနော်ပြောနိုင်တာ တခုကတော့ ဒီနေ့က အသံမီဒီယာတွေနဲ့ ပုံနှိပ်မီဒီယာတွေဟာ အများစုက မီဒီယာ ကျင့်ဝတ်ပေါ်မှာ လျှောက်လှမ်းနေကြတာ တွေ့ရတယ်။ အဓိက က တိုင်းပြည်ကို အမုန်းစကားတွေ များနေအောင်၊ တခုခု မတည်မငြိမ်ဖြစ်အောင် လုပ်နေတာက ဆိုရှယ်မီဒီယာတွေမှာ အဓိကဖြစ်နေတာဗျ။ ဆိုရှယ်မီဒီယာတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေကို စဉ်းစားရမယ်လို့ ကျနော်မြင်တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပွင့်လင်းလာတဲ့ အချိန်မှာ၊ မီဒီယာတွေရဲ့ အခန်းကဏ္ဍကလည်း တိုးမြှင့်လာတဲ့အချိန်မှာ မီဒီယာတွေကို ဘူးသီး အမွေးသတ်လိုက်သလို ဖြစ်သွားမှာလည်း ကျနော်တို့ စိတ်ပူတယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ မဏ္ဍိုင်တခုကို ထိခိုက်နစ်နာသွားစေမယ်လို့ ကျနော်မြင်တယ်။”

ပြည်သူ့လွှတ်တော်ပြန်ကြားဆက်ဆံရေးရာကော်မတီဝင် သီပေါအမတ် ဦးရဲထွန်းကတော့ မီဒီယာ ဥပဒေအကြံပေးတွေကဏ္ဍ အရေးပါတယ်လို့ ထောက်ပြပါတယ်။

“အခုကိစ္စမှာလည်း ယူနတီဂျာနယ်အနေနဲ့ ပြည်သူလူထု သိသင့်သိထိုက်တဲ့ဟာကို ဖော်ပြဖို့ ရေးဖို့တာဝန်ရှိတာ မှန်ပေမယ့် ဥပဒေက ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာကို အလေးထားဖို့ လိုမယ်လို့ ကျနော် သုံးသပ်ပါတယ်။ ဥပဒေအရ ကန့်သတ်ထားတဲ့ကိစ္စမျိုးတွေကိုတော့ နိုင်ငံရဲ့ လုံခြုံရေးအရ ဖြစ်စေ၊ အများပြည်သူရဲ့ ပဋိပက္ခတွေ ရှောင်ရှားဖို့ပဲ ဖြစ်စေ၊ မရေးသင့်ဘူး၊ မီဒီယာကျင့်ဝတ်ကို လိုက်နာသင့်တယ်လို့ ကျနော်ယူဆတယ်။ ဒါကြောင့် မီဒီယာတွေမှာ ထားတဲ့ ဥပဒေအကြံပေးဆိုတဲ့ ပုဂ္ဂိုလ်များကလည်း တကယ့်ကို နာမည်သာ မည်ကာမတ္တ ဥပဒေအကြံပေးဆိုတာမျိုးမဟုတ်ဘဲ မီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုလေ့လာပြီး အကြံပေးနေသင့်တယ်။ ”

ယူနတီဂျာနယ် သတင်းသမားတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေချိန်မှာ မွန်းတည့်နေဂျာနယ် သတင်းသမားတွေကိုလည်း ကြားဖြတ်အစိုးရအဖွဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013