DVB Logo
Home
မြန်မာသတင်း
နှင်းဆီပန်းပန်မှုဖြင့် ရွှေဆိုင်ဝန်ထမ်း ၁၃ ဦးကို  စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ
DVB
·
June 20, 2023
နှင်းဆီပန်းပန်မှုဖြင့် ရွှေဆိုင်ဝန်ထမ်း ၁၃ ဦးကို  စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ
Donate to DVB

နှင်းဆီပန်းပန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့  ရွှေဆိုင်ဝန်ထမ်း ၁၃ ဦးကို ရန်ကုန် ပန်းဘဲတန်း စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှာ စစ်ဆေးနေပြီး သမာဓိရွှေဆိုင် ၂ ဆိုင်စလုံးကို ပိတ်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ဘုရားလမ်းထောင့်၊ ၁ ရပ်ကွက်ရှိ သမာဓိရွှေဆိုင်နဲ့ မဟာဗန္ဓုလလမ်းနဲ့  ၂၉ လမ်းထောင့်၊ ၇ ရပ်ကွက်ရှိ သမာဓိရွှေဆိုင်တို့ကို ဇွန် ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေ ဝင်ရောက်ရှာဖွေခဲ့ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီး ၁၃ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဇွန် ၁၉ ရက်နေ့က အကျဉ်းကျခံနေရတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းပန်တဲ့အမျိုးသမီးတွေနဲ့ ပန်းရောင်းတဲ့ ဈေးသည် ဈေးဝယ်တွေကို  လက်နက်ကိုင် စစ်တပ်တွေက လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မနေ့ညနေ ၃ နာရီကျော်က ၁ ရပ်ကွက်ရှိ သမာဓိရွှေဆိုင်ကို အရင် ဝင်ရောက်စစ်ဆေးကြတာလို့ သိရပြီး ဆိုင်အရောင်းစာရေးဖြစ်သူ အမျိုးသမီး အပါအဝင် ဆိုင်ဝန်ထမ်း ၈ ဦးဟာ နှင်းဆီပန်း ပန်ထားတယ်လို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ပန်းဘဲတန်းမြို့ခံတဦးက “သူတို့ရွှေဆိုင်တွေက ‌ကောင်မလေး‌တွေ များတယ်လေ။ တချို့ဆိုင်တွေဆို နေ့အလိုက် ပန်းပန်ရတာမျိုးတောင် ရှိတယ်။ ‌ဓာတ်ပုံရိုက်တာက ပန်းနဲ့က ဒီနေ့မှ မဟုတ်ဘူး၊ အဲ့ဒါကို စစ်တပ်က ဝင်ဖမ်းတာဖြစ်မယ်။ ခေါ်သွားကတည်းက ဆိုင်တွေ ပိတ်ထားတာ‌တွေ့တယ်” လို့ ပြောပါတယ်။

ညနေ ၃ နာရီ ၁၅ မိနစ်လောက်က ၇ ရပ်ကွက်ရှိ သမာဓိရွှေဆိုင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ထပ်မံဝင်ရောက်ရှာဖွေခဲ့ပြီး အရောင်းစာရေး အမျိုးသမီးဖြစ်သူနဲ့ ဆိုင်ဝန်ထမ်း ၄ ဦးမှာ နှင်းဆီပန်း ၅ ပွင့် တွေ့ရှိတာကြောင့် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။

ဇွန် ၁၉ ရက်မွန်းလွဲပိုင်းကလည်း တာမွေမြို့နယ်၊ ဗညားဒလလမ်းမ၊ အမှတ် ၂၉၄ မှာ ဖွင့်လှစ်ထားတဲ့ မြတ်ဆေးဆိုင်က ဝန်ထမ်းကိုကောင်းခန့်လွင်ကို အဆိုပါဆေးဆိုင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပါ။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားဈေးမှာလည်း ပန်းကြဲဆန္ဒပြခဲ့တဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့အိမ်မှာ  PVC လက်လုပ်ဗုံး တွေ့ရှိတယ်လို့ဆိုကာ စွပ်စွဲဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013