
စက်မှုဝန်ကြီးဌာန တခုတည်း ၁ နှစ် ကျပ် ဘီလီယံ ၁၉၀ အရှုံးပေါ်နေတဲ့အပေါ် ရန်ကုန်တိုင်း အမှတ် ၉ အမတ် ဦးခင်ရွှေ အပါအ၀င် အမတ်တချို့က လွှတ်တော်တွင်းမှာ ဝေဖန်ခဲ့ကြပါတယ်။
ဇူလိုင် ၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၃-၁၄ ဒုတိယ ခြောက်လပတ် အမျိုးသားစီမံကိန်း အကောင်အထည်ဖော်နိုင်မှု အစီရင်ခံစာ ဆွေးနွေးစဉ် ခုလို ဝေဖန်ခဲ့ကြတာပါ။
စက်မှုဝန်ကြီးဌာနဘက်ကတော့ လယ်ယာသုံးပစ္စည်းတွေ၊ မော်တော်ယာဉ် စက်ပစ္စည်းတွေ လျော့ထုတ်ရတာ၊ စီမံကိန်းတွေမှာ ရောင်းရတဲ့ ဘိလပ်မြေခတွေ မရသေးတာ၊ သာပေါင်း စက္ကူစက်၊ ချောက်မြို့နယ်က ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် စက်ရုံ နားထားရတာ၊ စက်ရုံတချို့ အမြတ်နည်းနေတာကြောင့် ခုလို ဖြစ်ရတာလို့ ရှင်းလင်းပါတယ်။
ဒေါက်တာခင်ရွှေကတော့ အမြတ်ရနေတဲ့ ဘီယာစက်ရုံ၊ စီးကရက်စက်ရုံ၊ အချိုရည် စက်ရုံ၊ ရေသန့် စက်ရုံတွေ ပုဂ္ဂလိက လက်ထဲ ရောက်သွားပြီး အရှုံးပေါ်တဲ့ စက်ရုံတွေပဲ ကျန်ခဲ့တာကြောင့်လို့ ထောက်ပြပြီး စက်မှုဝန်ကြီးဌာန ကို အလုပ်မလုပ်ပဲ ရပ်ထားရင်တောင် နိုင်ငံတော်က ကျပ်ငွေ ဘီလီယံပေါင်း များစွာ အမြတ်ရနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။











