
မြန်မာပြည်က အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿ နာတွေ ဖြေရှင်းနိုင်ဖို့ အပါအ၀င် အလုပ်သမားအရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်တခုကို ကုန်သည်စက်မှုအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်)နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) တို့ ရန်ကုန်မှာ မနေ့က သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား လိုအပ်ချက်တွေကို ဖြေရှင်းဖို့၊ ကုန်ထုတ်စွမ်းအား မြှင့်တင်ဖို့နဲ့ အလုပ်သမား စွမ်းရည်မြှင့်တင်ရေး တွေအတွက် ပူးပေါင်းဆောင်ရွက်ရေးစီမံချက်တရပ်ကို အိုင်အယ်လ်အိုနဲ့ ကုန်သည် အသင်းချုပ် အကြားမှာ ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဒီစီမံချက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့နဲ့ အလုပ်သမားတွေအတွက် သင့်လျော်ကောင်းမွန်တဲ့ လုပ်ငန်းခွင်လည်း ပေါ်ပေါက်လာဖို့ ရည်ရွယ်ထားတဲ့အကြောင်း ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။
ဒီစီမံချက်က ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့အလုပ်ရှင်နဲ့အလုပ်သမားအကြား အငြင်းပွားမှု ပြဿ နာ တွေကို ဖြေရှင်းတဲ့နေရာမှာ ဘယ်လို အထောက်အကူဖြစ်စေမှာလဲလို့ မေးမြန်းခဲ့ရာမှာတော့ ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“နံပါတ် ၁ ကတော့ အထောက်အကူဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ တချို့သတိမမူမိလို့ ပြုမူချက် လွန်ကဲသွားတာတွေ ဖြစ်ချင်ဖြစ်မယ်။ သတိမူမိပြီဆိုရင် ဒါတွေကို ဆင်ခြင်ပြီဆိုရင် လျော့ကျသွားမှာပေါ့။ ဒါကြောင့်မို့လို့ လျော့ကျသွားမယ်လို့ လုံးဝယုံကြည်ပါတယ်။”
နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အလုပ်ရှင်အသင်း အဖွဲ့တွေ ပေါ်ပေါက်လာဖို့ ဦးစွာဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
ဒီနောက် ယင်းအဖွဲ့အစည်းတွေကတဆင့် အလုပ်သမားထုရဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေနဲ့ကုန်ထုတ်လုပ်မှု စွမ်းအားတိုးမြှင့်ရေးအတွက် နည်းလမ်းတွေ ကို သင်တန်းတွေ ပေးသွားမှာဖြစ်တဲ့အပြင် အလုပ်ရှင်နဲ့အလုပ်သမားအကြား လိုအပ်တဲ့ ၀န်ဆောင်မှုတွေ ပေးသွားဖို့လည်း ဇူလိုင်လ ၉ ရက်နေ့ သဘောတူညီချက်မှာ ပါဝင်ပါတယ်။
ဒီစီမံချက်ရဲ့သက်တမ်းကာလကို ၂ နှစ် သတ်မှတ်ထားတဲ့အတွက် လာမယ့် ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက်အထိသာ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။











