
ပေါ့ဂီတဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲ အမှတ်တရပစ္စည်းတွေကို ပြင်သစ်မှာ လေလံတင်ရောင်းချမှာဖြစ်ပါတယ်။
၁၉၈၇ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ပြုလုပ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပထမဆုံး တိုးခရီးစဉ်မှာ ဝတ်ဆင်ခဲ့တဲ့ လက်အိတ်တွေ၊ ဦးထုပ်တွေ၊ ဂျက်ကက်တွေအပါအဝင် အမှတ်တရ ပစ္စည်း ၅၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။
ဇွန် ၃ ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့အနီးမှာ လေလံပွဲ ပြုလုပ်မှာဖြစ်ပြီး ပေါ့ဘုရင် မိုက်ကယ် ဂျက်ဆင်ရဲ့ အမှတ်တရပစ္စည်းတွေကို ဥရောပမှာ ပထမဆုံး လေလံတင်ရောင်းချမှာပဲ ဖြစ်ပါတယ်။
အဝတ်အစားတွေ၊စင်ပေါ်မှာ ဝတ်ဆင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ လက်မှတ်ထိုးထားတဲ့အမှတ် တရပစ္စည်းတွေနဲ့ မိုက်ကယ်ဂျက်ဆင်ရေးဆွဲထားတဲ့ လက်ရာတွေ ပါတယ်လို့ ဆိုပါတယ်။
ဒီအမှတ်တရ ပစ္စည်းတွေဟာ ပစ္စည်းစုဆောင်းသူ နော်ဝေလူမျိုး ရစ်ချက်ဖိုဆာက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ဝတ်ဆင်ခဲ့တဲ့ အသုံးအဆောင်တွေထဲမှာ Bad Tour ဖျော်ဖြေပွဲမှာ Billie Jean သီချင်းဆိုတဲ့အချိန် ဝတ်ဆင်ခဲ့တဲ့ လက်အိတ်ကလည်း ထင်ရှားတဲ့ ပစ္စည်းဖြစ်ပါတယ်။
ဒီလက်အိတ်ဟာ ယူရို ၁၀၀၀၀၀ ကနေ ယူရို ၁၅၀၀၀၀ အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ၁၉၈၄ တိုးပွဲမှာ ဆိုခဲ့တဲ့ Scream သီချင်းမှာ ဝတ်ဆင်ခဲ့တဲ့ ဦးထုပ်နဲ့အဝတ်အစားတွေလည်း ပါဝင်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ အမှတ်တရပစ္စည်းတွေ လေလံမတင်မီ မေ ၃၀ ကနေ ဇွန် ၂ ရက်အထိ အဲ့ဒီ ပစ္စည်းတွေကို အများပြည်သူတွေ ကြည့်ရှုနိုင်အောင် ပြသထားမှာဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပတ္တိဇာတ်ကားဖြစ်တဲ့ Michael ဆိုတဲ့ ဇာတ်ကားကို ဧပြီ ၂၄ ရက်နေ့ တကမ္ဘာလုံး ပြသမှာဖြစ်လို့ မိုက်ကယ်ဂျက်ဆင်ရဲ့ အကြောင်းက ပရိသတ်တွေအတွက် ပြန်ပြီး အသစ်ဖြစ်စေမှာပါ။
Source:Reuters











