DVB Logo
Home
မြန်မာသတင်း
မလေးရှားမှာ မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ
DVB
·
July 10, 2014
မလေးရှားမှာ မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ
Donate to DVB

မလေးရှားနိုင်ငံမှာ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ အသက် ၄၀ အရွယ် ဦးတိုနီနဲ့ ဇူလိုင် ၉ ရက်နေ့မှာ အသက် ၅၀ အရွယ် ဦးမျိုးပိုင်တို့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

[caption id="attachment_59963" align="alignright" width="300"]ဦးတိုနီ၏ဈာပနအခမ်းအနားတွင် တွေ့ရသည့် ဦးမျိုးပိုင် (ဓာတ်ပုံ - Sakhunna) ဦးတိုနီ၏ဈာပနအခမ်းအနားတွင် တွေ့ရသည့် ဦးမျိုးပိုင် (ဓာတ်ပုံ - Sakhunna)[/caption]

မနေ့ နေ့ခင်းက ကွာလာလမ်ပူမြို့မှာ ဦးတိုနီရဲ့ နာရေး ဈာပနအခမ်းအနားမှာ ဦးမျိုးပိုင်လည်း လာရောက် ကူညီလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် နေ့ခင်း ၃ နာရီလောက် အိမ်ပြန်သွားပြီးနောက် ညဘက် ၈ နာရီကျော်လောက်မှာ အိမ်ကနေ အောက်ဆင်း ထမင်းသွားစားပြီး အပြန်မှာ သူ အသတ်ခံရတာလို့ ဦးစန်းဝင်းက ပြောပါတယ်။

အသတ်ခံရတဲ့နေရာဟာ ကွာလာလမ်ပူနဲ့ ကီလိုမီတာ ၅၀ ခန့်ရှိ ပွတ်ချွန်းမြို့ မာဂျုချာရာ ဆဲဗင်း အလဲဗင်းဆိုင်လေးနဲ့ မလှမ်းမကမ်းမှာလို့ ဆိုပါတယ်။

လူ ၆ ဦး လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ် ၃ စီးကသူတွေ သတ်ဖြတ်ခဲ့တာလို့ မျက်မြင်တဦးပြောပြချက်ကို ကိုးကားပြီး သူကပြောပါတယ်။

“သူက ဘာပြောလဲဆိုတော့ သူဈေးဝယ်မလို့ ထွက်လာတာတဲ့။ သူ လှမ်းတွေ့လိုက်တာ ကတော့ ၀၀နဲ့ လူကြီးက လမ်းလျှောက်နေတယ်။ နောက်မှာ ဆိုင်ကယ် ၃ စီးမှာ လူ ၆ ဦး ပါတယ်လို့ ပြောတယ်။ အဲဒီလူတွေ အကုန် ဆင်းပြီး ဓားနဲ့ ခုတ်တယ်ပေါ့။ ခုတ်ပြီး ဆိုင်ကယ်နဲ့ တခါတည်း ထွက်ပြေးသွားတယ်လို့ ကျနော်တို့ကို ပြောတယ်”  လို့ ဦးစန်းဝင်းက ပြောပါတယ်။

ဒီနောက် ရဲကို အကြောင်းကြားလိုက်ကြောင်းနဲ့ ရဲတွေရောက်လာတဲ့အခါ အဲဒီ မျက်မြင်သက်သေလည်း မတွေ့တော့ကြောင်း၊ သူ့ကို အမှုပတ်မှာစိုးလို့ ရှောင်သွားတာ ဖြစ်နိုင်ကြောင်း ဦးစန်းဝင်းက ပြောပါတယ်။

ဦးမျိုးပိုင်ဟာ မလေးရှားမှာ အသက် ၂၅ နှစ်အရွယ် သားနှင့်အတူ နေထိုင်ရင်း အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၆ လလောက်ကတော့ မြန်မာပြည်ကနေ ဇနီးနဲ့ သမီး လာလည်သွားသေးတယ်လို့ ဆိုပါတယ်။

အသက် ၄၀ ၀န်းကျင်ခန့်အရွယ် ဦးတိုနီကတော့ ကွာလာလမ်ပူနဲ့ မိုင် ၃၅၀ ခန့်အကွာက ဘာတာဝပ်မြို့မှာ အသတ်ခံခဲ့ရပါတယ်။

အဲဒီကနေ အလောင်းကို ကပုန်းနာရေးကူညီမှုအသင်းအပိုင်နယ်မြေဖြစ်တဲ့ ဂျင်ဂျန်းမြို့ကို သယ်ဆောင်လာပြီး  ဇူလိုင် ၉ ရက်နေ့က သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဈာပနကျင်းပ သင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်ခံရမှု ၂ မှုဟာ မန္တလေးမှာ အဓိကရုဏ်း ဖြစ်ပြီးပြီး ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ   မြန်မာပြည်တွင်း အဓိကရုဏ်းပုံစံ အကြမ်းဖက်မှုတွေ တခုခုဖြစ်ရင် မလေးရှားမှာလည်း လိုက်ပါ ဖြစ်ပွားပြီး မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေ သတ်ဖြတ်ခံရမှုပုံစံလို ဖြစ်နေတယ်လို့ ဦးစန်းဝင်းက ပြောပါတယ်။

ဦးတိုနီ သတ်ခံရတဲ့နေရာမှာ အလားတူ အမှုကြီး ဖြစ်ခဲ့တာ ၃ ခါရှိပြီလို့ ရဲအဖွဲ့က ပြောတယ်လို့ ဆိုပါတယ်။

“မလေးရှားမှာ ပြီးခဲ့တဲ့ အကြမ်းဖက်မှု ၅ လပိုင်း ၃၀ ရက်နေ့ကစပြီး ယနေ့တိုင်ထိက လစဉ်ပေါ့လေ။ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အနည်းဆုံး လူသတ်မှုက ၁ လောင်း ရှိနေတယ်။ အနိမ့်ဆုံး၊ မနှစ်က အကြမ်းဖက်မှုဆိုရင် တဆက်တည်း လူ ၉ ဦးလောက် တန်းသေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် မလေးရှားမှာက အဲဒီအမှုတွေ တခါမှလည်း ပေါ်ပေါက်တာလည်း မရှိဘူး။ ဖမ်းဆီးတာလည်း မရှိဘူး။ အဲဒါကြောင့် လူအားလုံးရဲ့ မျှော်လင့်ချက်ကတော့ နိုင်ငံတော်အစိုးရနဲ့ မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကနေ ပြီးတော့ ဖော်ထုတ်ပေးဖို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနကို ဖိအားပေးစေချင်တယ်။”

ဒီလူသတ်မှုတွေနဲ့ ပတ်သက်လို့ မလေးရှားမှာရှိတဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့   မြန်မာအလုပ်သမားသံအရာရှိကိုရော ဆက်သွယ် မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရသေးပါဘူး။

ဒီလဆန်းပိုင်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ရာမှာ  တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013