DVB Logo
Home
မြန်မာသတင်း
မွန်ဒေသလုံးဆိုင်ရာပါတီကို အသိအမှတ်မပြုဟု နှစ်ပါတီပူးပေါင်းရေးအဖွဲ့ပြော
DVB
·
July 9, 2014
မွန်ဒေသလုံးဆိုင်ရာပါတီကို အသိအမှတ်မပြုဟု နှစ်ပါတီပူးပေါင်းရေးအဖွဲ့ပြော
Donate to DVB

မွန်ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ပါတီပူးပေါင်းရေးမလုပ်ဆောင်တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီကို အသိအမှတ်မပြုတဲ့အကြောင်း မွန်သံဃာတော်တွေ ဦးဆောင်တဲ့ မွန် နှစ်ပါတီ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

timthumbဇူလိုင်လ ၈ ရက်နေ့က မော်လမြိုင်မြို့သာသနာ ၂၅၀၀ ကျောင်းတိုက်မှာ ကျင်းပသွားတဲ့ မွန်နှစ် ပါတီ ပူးပေါင်းညီညွတ်ရေးရှင်းလင်းပွဲမှာ ဒီသဘောထား ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာရှိနေတဲ့ အဓိက ပါတီကြီးနှစ်ခုကို တပါတီတည်းအဖြစ်ပူးပေါင်းဖို့အတွက် မွန် တိုင်းရင်းသား ရဟန်းရှင်လူပြည်သူတွေက တောင်းဆိုထားပြီး ပါတီပူးပေါင်းရေး ၂၀၁၂ ခုနှစ် ကတည်းက အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် မအောင်မြင်သေးဘဲ ဖြစ်နေတာပါ။

နှစ်ပါတီ ပူးပေါင်းခြင်းမရှိဘဲ ဆက်လက်ရပ်တည်နေတဲ့ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီကို မွန်ပြည်သူတွေက အသိအမှတ်ပြုမှာ မဟုတ်တော့တဲ့အကြောင်း မွန်နှစ်ပါတီညှိနှိုင်းရေးအဖွဲ့ ဒုဥက္ကဋ္ဌ အရှင်ခေမာနန္ဒက ဒီဗွီဘီကို ခုလိုမိန့်ကြားပါတယ်။

“တမျိုးသားလုံးက အသိအမှတ်မပြုဘူး။ အစည်းအဝေးထဲမှာလည်း ပြောတယ်။ အပြင်မှာလည်း ပြောတယ်။ သူတို့ပါတီက မဲဆန္ဒနယ်ကို ရွေးမယ်။ ဒါပေမယ် ဦးဇင်းတို့ မွန်တမျိုးသားလုံးကလည်း သူတို့ကို ဒီမွန်အမျိုးသားပါတီထဲ ပြန်ပါအောင် လုပ်မယ်။ သူတို့ပါတီ ရှိနေတာကို ဦးဇင်းတို့ အသိအမှတ်ပြုပေးလို့မရဘူး။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မေးမြန်းရာမှာတော့ ပါတီကို အသိအမှတ်ပြုဖို့ ဖွဲ့ထားတာမဟုတ်ဘဲ ဒီမိုကရေစီကို အခြေခံတဲ့ ပါတီရပ်တည်ချက်နဲ့ သွားနေတာ ဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ခုလို တုံ့ပြန်ပြောပါတယ်။

“ကမ္ဘာကြီးဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ပြောင်းလဲတဲ့အပေါ်မူတည်ပြီးတော့ ကိုယ့်အယူအဆကို မြှင့်တင်ပေးဖို့ လိုတယ်။ အခုခေတ်က အပြောင်းအလဲသိပ်မြန်တယ်။ တရားသေ ကိုင်ထားလို့ မရဘူး။ အမျိုးသားရေးဆိုတာ လက်ဝါးကြီးအုပ်လို့လည်း မရဘူး။ ပြီးတော့ ဒီမိုကရေစီခေတ်ကို သွားနေပြီ အာဏာရှင်ပုံစံလည်း လုပ်လို့မရဘူး။ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်ကို ကြေညာပြီးသား။ သူတို့ပါတီက မနေ့တနေ့ကမှ ဖွဲ့တာ။ ကျနော်တို့ ပါတီက ရွေးကောက်ပွဲတောင် ၀င်ပြီးပြီ။ ကျနော်တို့က ကျနော်တို့ ပါတီကို ဖျက်ပြီး သူတို့ဆီ ၀င်ရမလား၊ သူတို့က ကျနော်တို့ပါတီကို လာဝင်သင့်သလားဆိုတာ စဉ်းစားကြည့်။”

မွန်ပြည်နယ်မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်ဒီမိုကရေစီပါတီ ဆိုပြီး အဓိက ပါတီကြီး ၂ ပါတီရှိခဲ့တာပါ။

မွန်ဒီမိုကရေစီပါတီကတော့ ပါတီ နှစ်ခုပူးပေါင်းဖို့ ရည်ရွယ်ချက်နဲ့ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အသစ်ထူထောင်လိုက်တဲ့ မွန်အမျိုးသား ပါတီမှာတော့ မွန်ဒီမိုကရေစီပါတီက ခေါင်းဆောင်တွေ နဲ့ မွန်ဒေသလုံးဆိုင်ရာပါတီရဲ့ ဗဟိုကော်မတီဝင်တချို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် မွန်ဒေသလုံးဆိုင်ရာပါတီက လက်ကျန် ခေါင်းဆောင်တချို့က ပူးပေါင်းခြင်းမရှိပဲ ဆက်လက် ရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိ မွန်အမျိုးသားပါတီသစ်တော့ ပါတီပိုမိုရုပ်လုံးပေါ်လာဖို့အတွက် ကျေးရွာအဆင့်၊ မြို့နယ် အဆင့်ကနေ ဗဟိုအထိ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်နေပြီး ပါတီနာယကနဲ့ သဘာပတိတွေလည်း မကြာခင် ရွေးချယ်သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013