DVB Logo
Home
မြန်မာသတင်း
အစိုးရက ဖေ့စ်ဘွတ်သုံးတာ အချိန်ပြည့် စောင့်ကြည့်နေ
DVB
·
July 9, 2014
အစိုးရက ဖေ့စ်ဘွတ်သုံးတာ အချိန်ပြည့် စောင့်ကြည့်နေ
Donate to DVB

အင်တာနက်ဖေ့စ်ဘွတ်လူမှုကွန်ရက် အသုံးပြုမှုတွေကို  မြန်မာအစိုးရနဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး  စောင့်ကြည့်ဖို့  သဘောတူညီချက် ၃ ချက်ရရှိထားတယ်လို့  သမ္မတရုံး ညွှန်ကြားရေးမှူး  ဦးဇော်ဌေးက ပြောပါတယ်။

facebookဖေ့စ်ဘွတ်တွေကနေ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေအောင်  သွေးထိုးလှုံ့ဆော်ရေးသားနေတာတွေကို ထိန်းပေးဖို့  အပါအ၀င် အချက် ၃ ချက် သဘောတူခဲ့ကြတယ်လို့  ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“၁ အချက်က ရေတိုပေါ့နော်။ ရေတိုမှာ သွေးတိုးလှုံ့ဆော်မှုတွေ ထိန်းပေးဖို့ သူတို့ ဘက်ကလည်း ဖေ့စ်ဘွတ်ရဲ့ပေါ်လစီနဲ့ ညီညွတ်တဲ့ဟာကို လုပ်ပေးတယ်။ နောက်တချက်က ကျနော်တို့ဆီမှာ ဖေ့စ်ဘွတ် အသုံးပြုသူတွေနဲ့ ပတ်သက်လို့ ထိန်းချုပ်တာတော့ မဟုတ်ဘူး။ စောင့်ကြည့်တာကို သူတို့နဲ့ ဆွေးနွေးတယ်။ သူတို့ကလည်း နည်းပညာအကူအညီနဲ့ ကျန်တာတွေ ကူညီမယ်။ နောက်တချက်က သူတို့ဘက် အကြံပြုတာက ဆိုရှယ်မီဒီယာ အွန်လိုင်းနဲ့ ပတ်သက်ပြီး ဆိုက်ဘာလော လိုအပ်ချက်ပေါ့နော်။ ဒါက ချက်ချင်းလက်ငင်း လုပ်ဖို့တော့ ခက်မယ်ပေါ့။”

မြန်မာအစိုးရသမ္မတရုံးက တာဝန်ရှိသူတွေနဲ့   အမေရိကန်ပြည်ထောင်စု   Silicon Valley က အိုင်တီကုမ္ပဏီ ပညာရှင်နဲ့ အာရှပစိဖိတ်တာဝန်ခံ၊ ဖေ့စ်ဘွတ်ကုမ္ပဏီရုံးချုပ် ၀ါရှင်တန်ကတဦး၊ အိုင်ယာလန်ကတဦးနဲ့ အာရှပစိဖိတ်တာဝန်ခံတဦးတို့ ဖုန်းနဲ့  conference call ပုံစံ  ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇူလိုင်လထဲမှာပဲ ဖေ့စ်ဘွတ်ကုမ္ပဏီ  တာဝန်ရှိသူတွေနဲ့ ပြည်တွင်းက ဖေ့စ်ဘွတ်သုံးသူ  အထူးသဖြင့် လူငယ်တွေ တွေ့ဆုံပြီး  ပညာပေး အလုပ်ရုံဆွေးနွေးပွဲတခု လုပ်ဖို့ရှိတယ်လို့လည်း သမ္မတရုံးတာဝန်ရှိသူက  ပြောပါတယ်။

အလားတူ  စာရေးဆရာတွေနဲ့ဖွဲ့ထားတဲ့ မြန်မာကလောင်ရှင်များအဖွဲ့ Pen Myanmar ကလဲ အွန်လိုင်း၊ ပုံနှိပ် နဲ့ အသံလွှင့် မီဒီယာတွေကို စောင့်ကြည့်နေတယ်လို့ အဖွဲ့ဝင်  ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။

“ကျနော်တို့ လက်လှမ်းမီသလောက် မီဒီယာတွေ အားလုံးပေါ့နော်။ ပုံနှိပ်မီဒီယာတွေ အားလုံးကို လိုက်ဖတ်တယ်။ နောက်အွန်လိုင်းမှာ ရှိတဲ့ မီဒီယာတွေ လိုက်ရှာကြည့်တယ်။ နောက် တီဗွီရုပ်သံလိုင်းတွေကို  စောင့်ကြည့်ပြီးနားထောင်နေပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းက  အင်တာနက်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေကနေ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေကို အကြောင်းပြုလို့ မန္တလေးမှာ ရုန်းရင်းဆန်ခတ်မြှုဖစ်ပွားခဲ့တာလို့  သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်  ဇူလိုင်လ ၃ ရက်နေ့က မြန်မာနိုင်ငံတွင်းမှာ ဖေ့စ်ဘွတ်သုံးစွဲမရအောင် နာရီပိုင်းလောက် အစိုးရက  ပိတ်ပင်ထားခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဒုတိယနေ့ကစပြီး အစိုးရနဲ့ ဖေ့စ်ဘွတ်တို့ အဆက်အသွယ်ရပြီး အမုန်းစကားရေးသားဖြန့်ဝေခဲ့တဲ့ အကောင့်အတော်များများကို ပိတ်သိမ်းခဲ့တယ်လို့ သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မြို့က တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီက ဖေ့စ်ဘွတ်မှာ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေမယ့် ရေးသားတင်ဆက်နေသူတွေ ဘယ်သူတွေဆိုတာ ထင်ထင်ရှားရှားသိရင် အရေးယူလို့ ရတယ်လို့ ပြောပါတယ်။

“တည်ဆဲဥပဒေနဲ့ အများကြီး အရေးယူလို့ ရတယ်။ ကျနော်တို့ဆီမှာ ဖြစ်နေတာက အရေးမယူလို့ ဖြစ်နေတာ။ အရေးယူလို့ရတဲ့သူတွေကို အရေးမယူတာ။ တချို့ဆို အကောင့်မှာ ပြောရုံတင်မကဘူး၊ လမ်းပေါ်မှာကို ထွက်ပြီး ထင်ထင်ရှားရှား ပြောနေတယ်။ ပန်းဖလက်တွေ ရိုက်ပြီးဝေနေတဲ့အဆင့်ထိလုပ်တယ်။ အဲဒါကို မနေ့ကအထိ အရေးမယူသေးဘူး။ အခုတော့ ခေါ်စစ်ဆေးနေပြီလို့ ကြားတာပေါ့။”

မြန်မာနိုင်ငံမှာ  အင်တာနက်အသုံးပြုသူ ၂ သန်းခွဲကျော်ရှိပြီး  လာမယ့်နှစ်မှာ  ၃ သန်းလောက်ထိ ရှိလာမယ်လို့ မြန်မာ့ဆက်သွယ်ရေးရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီထဲမှာ ဖေ့စ်ဘွတ်သုံးသူ အရေအတွက် ဘယ်လောက်ရှိမယ် အတိအကျ မသိရပေမယ့် ၁ သန်းကျော် ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပြီး အော်ရီဒူးနဲ့ တယ်လီနော်တို့လို ဆက်သွယ်ရေး ကုမ္ပဏီတွေ ၀င်ရောက်လာတာကြောင့်လည်း  မကြာခင်မှာ ဖေ့စ်ဘွတ်သုံးစွဲသူ  အရေအတွက် ပိုများလာနိုင်ဖွယ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013