
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့လို့ တနိုင်ငံလုံးမှာ ပြည်သူတွေရဲ့ အိုးအိမ်ပေါင်း ၇၀,၀၀၀ ကျော် ဆုံးရှုံးပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်သလို ဒီပဲယင်းမြို့နယ်က တမြို့ချင်းအလိုက်မှာ အများဆုံး ဖျက်ဆီးခံထားရပါတယ်။
၂၀၂၁ ခုနှစ် မေလကနေ အခု ၂၀၂၃ ခုနှစ် မေလအထိ Data for Myanmar အဖွဲ့က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရတာဖြစ်ပြီး ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်း အားလုံးမှာ ဖျက်ဆီးခံခဲ့ရတာပါ။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းထဲက မြို့ပေါ်ဒေသတွေမှာ အိမ်ခြေ ၁၁၈ လုံးနဲ့ ကျေးလက်ဒေသတွေမှာ ၅၃,၆၉၈ လုံး ဖျက်ဆီးခံခဲ့ရလို့ စုစုပေါင်း အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်းမှာတော့ ကျေးလက်ဒေသတွေမှာပဲ အိမ်ခြေ ၁၀,၄၅၁ လုံး ဖျက်ဆီးခံထားရပါတယ်။
တမြို့ချင်းစီအလိုက်မှာတော့ ဒီပဲယင်းမြို့မှာ ၆,၀၃၅ လုံးနဲ့ အများဆုံးဖြစ်ပြီး ခင်ဦးမြို့နယ်မှာ ၄,၅၈၇ လုံး၊ ကန့်ဘလူမြို့နယ်မှာ ၄,၀၈၅ လုံး၊ ရွှေဘိုမြို့နယ်မှာ ၃,၉၆၉ လုံး၊ တန့်ဆည်မြို့နယ်မှာ ၃,၆၆၁ လုံး၊ ဝက်လက်မြို့နယ်မှာ ၃,၄၈၇ လုံး၊ ပေါက်မြို့နယ်မှာ ၃,၄၃၂ လုံး၊ ရေဦးမြို့နယ်မှာ ၂,၈၃၂ လုံး၊ ပုလဲမြို့နယ်မှာ ၂,၇၉၂ လုံး၊ ရေစကြိုမြို့နယ်မှာ ၂,၆၆၁ လုံး၊ စစ်ကိုင်းမြို့နယ်မှာ ၂,၀၉၅ လုံး၊ အရာတော်မြို့နယ်မှာ ၂,၀၂၂ လုံးနဲ့ အများဆုံး ဖျက်ဆီးခံထားရတာပါ။
ချင်းပြည်နယ်မှာတော့ မြို့ပြဒေသမှာ ၁,၃၃၅ လုံး၊ ကျေးလက်ဒေသမှာ ၃၀၂ လုံး ဖျက်ဆီးခံထားရလို့ တနိုင်ငံလုံးမှာ မြို့ပြဒေသ အပျက်အစီး အများဆုံးဖြစ်ပြီး စုစုပေါင်း ပျက်စီးတာမှာ တတိယအများဆုံး ဖြစ်ပါတယ်။
အဲဒီနောက် ကချင်ပြည်နယ်မှာ ၁,၃၇၈ လုံး၊ မန္တလေးတိုင်းမှာ ၁,၂၀၆ လုံး၊ တနင်္သာရီတိုင်းမှာ အလုံး ၆၄၀၊ ကယား(ကရင်နီ)ပြည်မှာ ၄၂၁ လုံး၊ မွန်ပြည်နယ်မှာ ၂၂၉ လုံး၊ ရှမ်းပြည်နယ်မှာ ၁၉၁ လုံး၊ ပဲခူးတိုင်းမှာ ၁၈၇ လုံး၊ ကရင်ပြည်နယ်မှာ ၁၅၄ လုံး၊ ရခိုင်ပြည်နယ်မှာ ၁၃ လုံးနဲ့ ရန်ကုန်တိုင်းမှာ ၁ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီအချက်အလက်တွေဟာ သတင်းဌာနတွေက ထုတ်ပြန်ထားတဲ့ အရေအတွက်တွေနဲ့ မြေပြင်က အဖွဲ့အစည်းတွေ ထုတ်ပြန်တဲ့အရေအတွက်တွေကို တိုက်ဆိုင်စစ်ဆေးထားတာ ဖြစ်တယ်လို့ Data for Myanmar က ဆိုပါတယ်။ပျက်စီးမှုအရေအတွက်များတဲ့ ဖြစ်စဉ်တွေကို NASA အဖွဲ့ရဲ့ Fire Information for Resource Management System (FIRMS Database) က အချက်အလက်နဲ့ အတည်ပြုလို့ရသမျှ စိစစ်ထားပြီး မီးရှို့ခံရကြောင်းသိပေမဲ့ အရေအတွက်နဲ့ နေ့စွဲ မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့တာကြောင့် တကယ်ဖြစ်ပျက်ခဲ့တဲ့ အရေအတွက်က ပိုများနေနိုင်တယ်လို့လည်း ဆိုပါတယ်။











