DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပြောင်းဈေး အနည်းငယ်ပြန်တက်
DVB
·
June 16, 2023
ပြည်တွင်းပြောင်းဈေး အနည်းငယ်ပြန်တက်
Donate to DVB

ထိုင်းဘတ်ငွေဈေး မြင့်တက်မှုနဲ့အတူ ထိုင်းစက်ရုံဝယ်ဈေး မြင့်တက်လာလို့ ပြည်တွင်း ပြောင်းဈေးအနည်းငယ် ပြန်တက်လာပါတယ်။

ဆောင်းပြောင်းပေါ်ခါစ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောင်းဆံတစ်ပိဿာကို ရန်ကုန်ဈေး ငွေကျပ် ၁၃၀၀ ကျပ်ထိ ရှိခဲ့ပေမဲ့ တဖြည်းဖြည်း ဈေးပြန်ကျဆင်းလာခဲ့ပြီး မေလနှောင်းပိုင်းနဲ့ ဇွန်လဆန်းပိုင်းမှာ တစ်ပိဿာကို ၁၂၀၀နဲ့ ၁၂၂၀ ကြားမှာ အချိန်ကြာကြာစျေးငြိမ်နေခဲ့ပါတယ်။

အခုရက်ပိုင်းမှာတော့ ငွေလဲနှုန်းနဲ့ ထိုင်းဝယ်ဈေး မြင့်လာတာကြောင့် တစ်ပိဿာကို ငွေကျပ် ၁၂၄၀ ကျပ်ထိ ပြည်တွင်း ပြောင်းဈေး အနည်းငယ် ပြန်မြင့်တက်လာတာပါ။

မြဝတီကနေ ပြောင်းတင်ပို့နေတဲ့ ကုန်သည်တစ်ဦးက “ဘတ်ဈေး၊ ဒေါ်လာဈေး တက်လာတာ အပေါ်ယံကြည့်ရင် Exporter အတွက် ကောင်းပါတယ်။ မိမိအတွေ့အကြုံအရတော့ ငွေဈေး သိပ်တက်လာတာ ပြသာနာရှိပါတယ်။ ၆၅:၃၅ ဖြုတ်ဖို့က လက်ရှိအနေအထားအရ မဖြစ်နိုင်ပါ။ ဈေးတန်းကို စောင့်ကြည့်ပြီး မြတ်နေရင် ရောင်းသင့်ပါတယ်။ အခြေအနေအရ ဖေဖော်ဝါရီလက ဈေးကို ပြန်မရောက်နိုင်ပါ" လို့ ဇွန်လ ၁၅ ရက်နေ့က ပြောကြားထားပါတယ်။

ဖေဖော်ဝါရီလကနေ ဩဂုတ်လအထိက ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့တဲ့ကာလ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ငွေကြေးမူဝါဒတွေ၊ ပို့ကုန်၊ ထုတ်ကုန်မူဝါဒ အပြောင်းအလဲတွေကြောင့် ပြောင်းဈေးက ကျဆင်းနေတာ ဖြစ်ပြီး ဘတ်ဈေးနဲ့ ထိုင်းစက်ရုံဈေး ပြန်တက်လာလို့ လက်ရှိမှာတော့ အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ် ။

ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းစက်ရုံချဈေးက တစ်ကီလိုကို ၁၂ ဒသမ ၆၅ ဘတ် ဈေးရှိပြီး၊ မြဝတီ ပြောင်းအဝယ်က ၁၅ ကီလိုစျေးကို ၁၇၉ ဘတ်၊ ဘတ်ဈေးက ၈၅ ဒသမ ၅၄ ကျပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်တွင်း အစာစပ်စက်ရုံတွေရဲ့ ဝယ်ယူဈေးကတော့ ဒေသအလိုက် တစ်ကီလိုကို ၆၈၀ ကနေ ၇၇၀ ကျပ် အကြား ရှိတယ်လို့ သိရပါတယ်။

ပြောင်းလုပ်ငန်းရှင် တစ်ဦးက “အစာစပ်စက်ရုံတွေထဲက စီပီ ဈေးတော့ ဒီနေ့ မပြောင်းသေးပါဘူး၊ မကြာခင် ပြောင်းနိုင်ပါတယ်။ တခြားစက်ရုံကတော့ ဒီနေ့ ရန်ကုန်ဈေး တကီလို ၇၇၀ ကျပ် ဝယ်သွားပါတယ်” လို့ ပြောပါတယ်။

ပြောင်းကို ပြည်ပ တင်ပို့တာအပြင် မန္တလေးမြို့နဲ့ ရန်ကုန်မြို့မှာရှိတဲ့ အစာစပ်စက်ရုံတွေ ဒေသတွင်း မွေးမြူရေးလုပ်ငန်းတွေကလည်း ဝယ်ယူ ကြပါတယ်။

ပြည်ပတင်ပို့မှုအနေနဲ့ လားရှိုး၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတဆင့် ပြည်ပကို တင်ပို့ကြောင်းသိရပြီး ပင်လယ်ရေကြောင်းမှလည်း ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်၊ ဘင်္ဂလားဒေ့်နဲ့ အာဖရိကတို့ကို တင်ပို့နေတယ်လို့ ပြောင်းဈေးကွက်ကတဆင့်သိရပါတယ်။

အရင်နှစ် ကာလတူက ပြောင်း တစ်ပိဿာကို ကျပ် ၁၀၆၀ ကနေ ၁၀၈၀ ထိသာရှိခဲ့ပြီး အခုနှစ်မှာ ဈေးကောင်းရရှိနေတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း သွင်းအားစုနဲ့ အထွေထွေဈေးနှုန်း မြင့်တက်နေတာအပြင် နိုင်ငံရေး နောက်ဆက်တွဲတွေနဲ့ ရာသီဥတု အဖျက်ကြောင့် သီးနှံအထွက်နှုန်းတွေ လျော့ကျနေပါတယ်။

ပြောင်းလုပ်ငန်းရှင်တစ်ဦးက “လာမယ့်နှစ်မှာလည်း ပြောင်းစိုက်ဧက လျော့မယ်။ ဒါပေမဲ့ ဝယ်လိုအားက လျော့သွားမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းသီးနှံကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အဓိက စိုက်ပျိုးကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ကမ္ဘာ့ပြောင်းဈေးနှုန်းကျဆင်းနေတဲ့အပြင် စစ်ကောင်စီရဲ့ ပို့ကုန် တင်ပို့မှု လုပ်ထုံးလုပ်နည်း မူဝါဒပြောင်းလဲတွေနဲ့ ဒေါ်လာငွေလဲလှယ်မှု ဈေးနှုန်းကွာဟချက်ကြောင့် ပြောင်းကုန်သည်တချို့ တင်ပို့မှုယာယီရပ်နားခဲ့ရပြီး ပြောင်းဈေးနှုန်းကလည်း တစ်ပိဿာကို ကျပ် ၆၀၀ အထိ ကျဆင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013