
အစိုးရတပ်နဲ့ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့စဉ်ကတည်းက ရပ်နားထားခဲ့ရတဲ့ ကချင်ပြည်နယ်က ကျောက်စိမ်း လုပ်ကွက်တွေကို ပြန်လည်တူးဖော် လုပ်ကိုင်ခွင့်ပြုတော့မယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန ကျောက်မျက်ရတနာ လုပ်ကွက် ခွင့်ပြုမိန့်ချထားပေးရေး ကော်မတီက ဇူလိုင် ၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ ကေအိုင်အိုအဖွဲ့တို့အကြား ညှိနှိုင်းဆောင်ရွက် သဘောတူညီမှု ရခဲ့တာကြောင့် ခုလို လုပ်ကွက်တွေ ပြန်ဖွင့်ခွင့်ရတာလို့ ကျောက်မျက်လုပ်ငန်းရှင် ဦးမောင်မောင်က ဒီဗွီဘီ ကို ပြောပါတယ်။
ကြေညာချက်ထဲမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစ လုပ်ကိုင်ခွင့်ပေးမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ဇွန်လ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်ပွားစဉ်ကတည်းက ဖားကန့်၊
လုံးခင်း၊ မော်လူး၊ မော်ဟန်၊ ခန္တီး နယ်မြေတွေက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ရပ်နားထားခဲ့တာ ခုဆို အချိန် ၂ နှစ်ကျော်လာပြီးမှ ပြန်လုပ်ခွင့်ရကြတာ ဖြစ်ပါတယ်။











