
တအောင်းဒေသအတွင်းက ပညာရေးကျောင်းတွေ ရေရှည်ရပ်တည်ရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလုံလောက်ရေးအတွက် တအောင်းထီလက်မှတ်တွေ စတင်ရောင်းချနေပြီလို့ တအာင်းအမျိုးသားပညာရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
တအောင်းဒေသအတွင်းက ပညာရေးစာသင်ကျောင်းတွေဟာ စစ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး တအာင်းအမျိုးသားပညာရေး ကော်မတီ (TNEC) က ဦးစီးကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တအောင်းဒေသက မြေပြင်စာသင်ကျောင်းပေါင်း ၄၀၀ ကျော်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့တာပါ။
တအာင်းအမျိုးသားပညာရေး ကော်မတီ တာဝန်ရှိသူတဦးက “အဲဒီ ကျောင်းသားမိဘတွေဆီက ငွေကြေးတောင်းခံစရာမလိုအောင်၊ ဆရာ ဆရာမတွေကို လစာမှန်မှန်လေး ပေးနိုင်အောင်နဲ့ တအောင်းပညာရေးလုပ်ငန်းတွေ ရေရှည်ရပ်တည် ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ထုတ်ဝေရောင်းချတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တန်ဖိုးအနေနဲ့ တစောင်ကို ကျပ် ၂၀၀၀ နှုန်းနဲ့ ဖြန့်ချိမှာဖြစ်ပြီး အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း ၅၀၀ အထိ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဝယ်ယူရာမှာတော့ တအောင်းဒေသတွင်း ဒေသအလိုက်အရောင်း ကိုယ်စားလှယ်တွေရှိပြီး အခြားဒေသတွေ၊ ပြည်ပနိုင်ငံတွေက အားပေးဝယ်ယူမယ်ဆိုရင်တော့ အွန်လိုင်း အရောင်းစနစ်ရှိတယ်လို့ သိရပါတယ်။
တအာင်းအမျိုးသားပညာရေး ကော်မတီဟာ စစိကောင်စီရော၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ပါ သက်ဆိုင်ခြင်းမရှိဘဲ သီးခြားလွတ်လပ်တဲ့ ဒေသတွင်း ပညာရေးအဖွဲ့အစည်းဖြစ်ပါတယ်။
အခုလက်ရှိ ထီလက်မှတ်ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးထဲက ၃၀ ရာခိုင်နှုန်းကို ဝယ်ယူသူတွေဆီ ဆုကြေးအဖြစ် ပြန်လည်ပေးအပ်မှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကိုတော့ တအာင်းအမျိုးသားပညာရေး ကော်မတီရန်ပုံငွေအဖြစ် သုံးစွဲမယ်လို သိရပါတယ်။











