
အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၆၂ ယောက်ရှိပြီး ဒီအထဲမှာ အမျိုးသမီး ၅၀၀ ကျော်ပါဝင်ကာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၃၅၀ ယောက် ထိရှိလာခဲ့ပြီး ၁၉,၀၁၀ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ကာ အဲဒီထဲက ၆,၃၈၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၄၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၅၃၆ ယောက်သေဆုံးခဲ့ပြီး စစ်ကိုင်း တိုင်းမှာ အယောက် ၂၅၀ နဲ့ အများဆုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ဒီဇင်ဘာလအထိ ၁၀၆ ယောက်၊ ၂၀၂၂ ခုနှစ်ထဲမှာ ၂၃၈ ယောက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ ဇွန်လဒုတိယပတ်အထိ ၁၉၂ ယောက် သေဆုံးခဲ့ပြီးတော့ စုစုပေါင်း သေဆုံးသူ ၅၃၆ ယောက်ထဲမှာ လက်နက်ကြီးကျည်ကြောင့် ၁၄၇ ယောက်နဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ၉၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၉ ရက် နေ့လယ် ၃ နာရီလောက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရေလဲဦးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ဒေသခံတွေဟာ ကျေးရွာအနီးက တောထဲကို စစ်ဘေးရှောင်နေချိန် ဒေသခံအမျိုးသမီး ဒေါ်မီလှရဲ့ ဗိုက်ကို လက်နက်ကြီးကျည်စထိမှန်ကာ နေရာတင် သေဆုံးခဲ့ရတယ် လို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။











