Home
မြန်မာသတင်း
ဂျပန် နွေဦးရုပ်ရှင်ပွဲတော်မှ တော်လှန်ရေးရန်ပုံငွေ ကျပ်သိန်း ၂,၀၀၀ ကျော်ရရှိ
DVB
·
June 15, 2023

ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် တော်လှန်ရေးရုပ်ရှင်ကား ၇ ကား ပါဝင်တဲ့ နွေဦးရုပ်ရှင်ပွဲတော်ကို မေ ၆ ရက်ကစပြီး ၂၈ ရက်အထိ ကျင်းပခဲ့တာမှာ တော်လှန်ရေးရန်ပုံငွေ သိန်း ၂,၀၀၀ ကျော် ရရှိခဲ့တယ်လို့ နွေဦးရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ (ဂျပန်) ကနေ သိရပါတယ်။

တော်လှန်ရေးရုပ်ရှင် ၇ ကားပေါင်းပြီး ပြသတာဖြစ်လို့ မျှော်မှန်းရန်ပုံငွေထက် အများကြီး ပိုရရှိခဲ့ပြီး အောင်မြင်တဲ့ပွဲတခုဖြစ်တယ်လို့ နွေဦးရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ (ဂျပန်) တာဝန်ခံ မစတယ်လာက ပြောပါတယ်။

“ပွဲအစပိုင်း မနက်ခင်း လူနည်းတော့ စိုးရိမ်နေခဲ့တာ။ နောက်မှ တဖွဲဖွဲနဲ့ ရောက်လာကြပြီး တကူးတက လာအားပေးကြတာ၊ အောင်မြင်တယ် ပြောလို့ရတယ်ပေါ့နော်။ ဒီကာလ အားလုံးက ကူစရာများနေတော့လေ။ ဇာတ်ကားတကားချင်း ခွဲပြတာမဟုတ်ဘဲ ၇ ကား စုစည်းပြတာကို ဇာတ်ကားတကားကို သိန်း ၁၀၀ နဲ့ စုစုပေါင်း သိန်း ၇၀၀ လောက်ရရင် တော်ပါပြီလို့ တွေးထားခဲ့မိတာ။ ဒီလောက်ပမာဏဆိုတာက အမတို့ကတော့ အတိုင်းမသိပေါ့။”

နွေဦးရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ဇာတ်ကားတချို့ရဲ့ အမှတ်တရပစ္စည်းရောင်းချတာ၊ လေလံတင်တာ၊ အစားအသောက်ရောင်းတာ၊ မဲရောင်းတာနဲ့ ရုပ်ရှင်ချိန်အတွင်း အလှူငွေကောက်ခံတာတွေ အပါအဝင် ရုပ်ရှင်ကားပြသတာကနေ စုစုပေါင်းဝင်ငွေ ဂျပန်ယန်း ၁၀,၃၉၀,၄၆၆ (မြန်မာကျပ်ငွေ သိန်းပေါင်း ၂,၀၀၀ ကျော်) ရရှိခဲ့တာလို့ ပွဲဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

“၂ နှစ်ကျော်ကြာတဲ့ထိ နွေဦးတော်လှန်ရေးမှာ အားမလျော့သွားတာဟာ ပြည်သူတဦးတယောက်ချင်းစီရဲ့ အားပါ။ သွေးအေးပြီလို့ အမျိုးမျိုးသွေးခွဲစကားတွေကြားက မယိုင်မလဲဘဲ အခု နွေဦးရုပ်ရှင်ပွဲတော်မှာလည်း ဂျပန်ရောက် ပြည်သူတွေရဲ့အားကို ပြခဲ့ပြန်ပါပြီ။ ကျမတို့ နွေဦးအောင်ပွဲဟာ လက်တကမ်းအလိုမှာပါ။ အားလုံးအတူတူ ရှေ့ဆက်လျှောက်ဖို့ ရုပ်ရှင်ကြည့်ရင်း ရဲဘော်တွေဘဝကို ခဏတာဝင်ခံစားရင်း အားတခု ဖြည့်ပေးနိုင်ခဲ့ပါတယ်” လို့ ပွဲ စီစဉ်သူတယောက်က ပြောပါတယ်။

ရုပ်ရှင်ပြသရာက ရလာတဲ့ ငွေကြေးအကျိုးအမြတ်တွေကိုတော့ ဇာတ်ကားဖန်တီးသူတွေဆီ ပေးအပ်ပြီး တော်လှန်ရေးရန်ပုံငွေအတွက် ခွဲဝေသုံးစွဲသွားမယ်လို့ သိရပါတယ်။

ပြသခဲ့တဲ့ ရုပ်ရှင်ကားတွေကတော့ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးထားတဲ့ မြို့ပြပြောက်ကျား၊ ဒါရိုက်တာ မိုးသစ်စက်ထွန်း ရိုက်ကူးထားတဲ့ အမတနှင်းဆီ၊ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကို ပုံဖော်ပြီး ဒေါနစစ်ကြောင်းရဲ့တပ်စုမှူး တိုက်မောင်း ရိုက်ကူးထားတဲ့ ဖိုးမောင်ပြန်လာပြီ၊ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး ပိုင်ဖြိုးသူနဲ့ အောင်မြင့်မြတ်တို့ ပုံဖော်ထားတဲ့ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်၊ ဒါရိုက်တာ ဂိဒေါင် ရိုက်ကူးထားတဲ့ ရှိခဲ့သည်၊ ဒေါန Cafe ရဲဘော်တွေရဲ့ ဖြစ်ရပ်မှန်ကိုပုံဖော်ထားတဲ့ ပြန်တမ်းရုပ်ရှင်နဲ့ ကျားသစ်နက်စစ်ကြောင်းက ရဲဘော်တွေ ပုံဖော်ရိုက်ကူးထားတဲ့ ဆုလာဘ် တို့ဖြစ်ပါတယ်၊

ဒီရုပ်ရှင်ကားတွေကို ဂျပန်နိုင်ငံက တိုကျို၊ ယိုကိုဟားမား၊ နာဂိုယာ၊ အိုဆာကာ၊ ဂွန်းမား၊ အိုခီနာဝါနဲ့ ဟိုကိုင်းဒိုး စတဲ့ မြို့ ၇ မြို့မှာ ရုံတင်ပြသခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024