
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့ပြီး နေအိမ် ၂ လုံး အမိုးပျက်စီးသွားတယ်လို့ မြို့ခံတွေနဲ့ မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။
လေပြင်းကြောင့် အမိုးပျက်စီးသွားတဲ့ နေအိမ် ၂ လုံးဟာ ကလိန်အောင်မြို့ အမှတ် ၄ ရပ်ကွက် ကလိန်အောင်ဆံတော်ရှင်ဘုရားတောင်တက်လမ်း အနီးရှိ မဇင်မာအောင် နေအိမ်နဲ့ ဦးစိုးပြည့်အောင် နေအိမ်တို့ ဖြစ်ပါတယ်။
မဇင်မာအောင် နေအိမ် အရှေ့ဘက်တွင် သွပ်ပြား အချပ်၂၀ ပျက်စီးခဲ့ပြီး ဦးစိုးပြည့်အောင် နေအိမ်မှာတော့ အိမ်အမိုးရှိ သွပ်ပြား ၇၄ ချပ် လန်တက်ပျက်စီးခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ကလိန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လေပြင်းတိုက်ခတ်ပြီး နေအိမ် အမိုးပျက်စီးမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘဲ ထိခိုက်ပျက်စီးသွားတဲ့ သွပ်ပြားတွေကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းမှာတဲ့ ဖယ်ရှားပြီးစီးခဲ့ပါတယ်။
ကလိန်အောင်မြို့ခံတစ်ဦးက “လေပြင်းတိုက်ခံရတဲ့နေရာက မြို့အထဲပိုင်းက မဟုတ်ဘူး။ တံတားအလွန် အဝေးပြေလမ်းမပေါ်က သစ်ပင်မရှိဘဲ လွင်ပြင်လို ဖြစ်နေတဲ့ တောင်ကုန်းနေရာမှာ ဆောက်ထားတဲ့ အိမ်တွေ တိုက်ခံလိုက်ရတာ။ လေတိုက်တုန်းက မိုးမရွာဘူး။ လေတိုက်ပြီးမှ မိုးရွာချတယ်”လို့ ပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့မှာလည်း ကလိန်အောင်မြို့နယ် အနီးတဝိုက်မှာ မိုးဆက်တိုက်ရွာသွန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဇွန်လ ၁၄ ရက်နေ့အတွက် မိုးရွာရန် ရာနှုန်းပြည့်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပြီး ဒီကနေ့ မွန်းလွဲ ၂ နာရီအထိ တိုင်းတာချက်အရ မှတ်သားဖွယ်ရာ မိုးရေချိန်အနေနဲ့ ထားဝယ်မြို့မှာ ၂ ဒသမ ၂၈ လက်မနဲ့ မြိတ်မြို့မှာ ၂ ဒသမ ၆၈ လက်မ ရှိတယ်လို မိုးဇလဌာနက ထုတ်ပြန်ပါတယ်။










