
စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ ဇွန် ၁၃ ရက်က စစ်ကောင်စီတပ်ကနေ သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် စစ်တပ်အရာရှိတစ်ယောက်ရဲ့ ဖခင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ အရာတော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဟာ အရာတော်မြို့မြောက်အထွက် အမှတ် ၂ စစ်ကောင်စီဂိတ်က စစ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပထမက သူတို့ အမှတ် ၂ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗုံးနဲ့ပစ်ခတ်ခဲ့တယ်။ အဲလို ဗုံးနဲ့ ပစ်ခတ်ခံရလို့ ကြောက်လန့်ပြီး သေနတ်တွေနဲ့ ရပ်ကွက်တွေထဲ ရမ်းသန်းပတ်ပစ်တာကနေ အမှတ် ၂ ရပ်ကွက်နေတဲ့ ဦးပေါ်လာ အသက် ၆၀ အရွယ် အဘိုးအိုရဲ့ ခြေသလုံး ကျည်ထိမှန် ဒဏ်ရာရရှိသွားတယ်။ သူတို့စစ်သားတွေ ပစ်လို့ မှန်တဲ့သူက စစ်ဗိုလ်ရဲ့အဖေ ဖြစ်နေတယ်။ အဲလို စစ်ဗိုလ်အဖေဖြစ်နေတော့ ပထမ အရာတော်ဆေးရုံကို ခေါ်ပြီး ဆေးကုတာတွေ လုပ်ပေးတယ်။ အရာတော်ဆေးရုံကနေ ဆေးကုရတာ အဆင်မပြေလို့ထင်တယ်၊ မနေ့က နမခစစ်ဆေးရုံကို ခေါ်သွားပြီး ဆေးကုတာတွေ လုပ်ပေးနေတယ်။ စခတွေက ဗိုလ်ရဲ့အဖေဆိုတာလည်း သိရော ပျာယာကိုခတ်နေတာပဲ” လို့ အရာတော်မြို့ ဒေသခံတဦးက ပြောပါတယ်။
အရာတော်မြို့ပေါ်က စစ်ကောင်စီတပ်တွေ အထိုင်ချရာ နေရာတွေနဲ့ လေ့ကျင့်ရေး ၁၀ တပ်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လာတာကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း ဘန်ကာတွေ တည်ဆောက်နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက် မနက် ၉ နာရီကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရင်း လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်လို့ နမသင်းကျေးရွာက အသက် ၄၂ နှစ်အရွယ် ကိုကျော်မိုး ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။










